ရန်ကုန်  ဧပြီ ၂၄

 

ရန်ကုန်တိုင်းဒေသကြီးတွင် နွေစပါး ၂၆၇,၀၇၈ ဧက စိုက်ပျိုးခဲ့ပြီး ဧပြီလတတိယပတ်အထိ နွေစပါး ၁၁၃,၇၁၅ ဧက ရိတ်သိမ်းထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။

 

၂၀၂၅ ခုနှစ်တွင် တိုင်းဒေသကြီးအတွင်း နွေစပါး ၂၅၀,၈၉၆ ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး ၂၆၇,၀၇၈ ဧက တိုးချဲ့စိုက်ပျိုးနိုင်ခဲ့၍ ယမန်နှစ် နွေစပါးစိုက်ပျိုးမှုထက် ၁၆၁၈၂ ဧက ပိုမိုစိုက်ပျိုးခဲ့ကာ ယခုနှစ်နွေစပါး ပျမ်းမျှအားဖြင့် တစ်ဧကလျင် ၉၃ ဒသမ ၄၇ ရာခိုင်နှုန်း ထွက်ရှိကြောင်း သိရသည်။

 

တိုင်းဒေသကြီးအတွင်း ရာသီအလိုက် စပါးစိုက်ပျိုးမှုတွင် စိုက်ပျိုးရေးနည်းစနစ်များ မှန်ကန်စေရေးနှင့် စနစ်တကျစိုက်ပျိုးနိုင်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်များတွင် မျိုးစေ့ချကိရိယာ ၈၀၀၀ ပံ့ပိုးခဲ့၍ ၂၀၂၄ ခုနှစ်တွင် Seeder စနစ် ဖြင့် ၈၅၇၂၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင်လည်း အဆိုပါစနစ်ဖြင့် ၁၀၆,၀၀၅ ဧက တိုးတက် စိုက်ပျိုးနိုင်ခဲ့သည်။

 

ယခုနှစ် နွေစပါးရိတ်သိမ်းချိန်တွင် ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း သင်္ကြန်ကာလမှစ၍ နေရာကွက်ကြား မိုးရွာသွန်းမှု ကြုံတွေ့ခဲ့ရသော်လည်း ရိတ်သိမ်းစ နွေစပါးစိုက်ခင်းများ ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။ 

 

ထို့ပြင် နွေစပါးစိုက်ခင်းများ ရိတ်သိမ်းပြီးချိန်၌ စိုက်ဧကမြေဆီလွှာများ တိုးတက်ကောင်းမွန်လာစေရန် နွေထယ် ရေးခံခြင်းနှင့် သဘာဝမြေသြဇာဖြစ်သော ပိုက်ဆံလျှော်စိုက်ပျိုးခြင်းလုပ်ငန်းတို့ကို စီမံဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေစပါးကို ခရိုင်ရှစ်ခရိုင်တွင် စိုက်ပျိုးခဲ့ကြပြီး  အဆိုပါရှစ်ခရိုင်တွင် တွံတေးခရိုင်၌ နွေစပါး ၉၁၁၉၇ ဧကဖြင့် အများဆုံးစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - တိုင်းစိုက်ပျိုးရေးဦးစီးဌာန

- ညိမ်းသူ(သတင်းစဉ်)