ရန်ကုန် နိုဝင်ဘာ ၁၁

 

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရုံးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများအား တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

“ပထမတစ်ကြိမ်တုန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့တဲ့ ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိတဲ့ YBS ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်းတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေကို ဒုတိယအကြိမ်အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးတာဖြစ်ပါတယ်။ နိုဝင်ဘာလ (၁၀)ရက်နေ့ကနေ နိုဝင်ဘာလ (၁၃)ရက်နေ့အထိ နံနက်(၉)နာရီ ကနေ ညနေ(၄)နာရီအထိ လေးရက်ကြာ ထိုးနှံပေးသွားမှာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားခဲ့သည်။

 

“ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်း လာပေမဲ့လည်း YBS ယာဉ်တွေပေါ်မှာ ကိုဗစ်-၁၉ ရောဂါ ပျံ့နှံမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေအပြင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေဖို့အတွက် အသိပညာပေး လုပ်ငန်းတွေကိုလည်း စဉ်ဆက်မပြတ် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 

အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများနှင့် ကုမ္ပဏီဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီးစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၏ စီမံမှုဖြင့် နေ့စဉ် YBS ယာဉ်လိုင်း(၉၇)လိုင်းမှ ယာဉ်အစီးရေ (၂၆၀၀)ခန့်ဖြင့် ခရီးသွားပြည်သူ (၄)သိန်းခွဲခန့်အား ပို့ဆောင်ပေးလျက်ရှိသည်။ YBS ခရီးသည်တင် ယာဉ်မောင်းများအနေဖြင့် နေ့စဉ်ခရီးသွားပြည်သူများနှင့် ပြောဆိုဆက်ဆံနေကြရပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရရန် လွယ်ကူနေသဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ YBS ယာဉ်လိုင်းကုမ္ပဏီ (၁၉)ခု၊ ပုဂ္ဂလိကကြီးကြပ်(၄)ခု စုစုပေါင်း (၂၃)ခုမှာရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးတဲ့ ယာဉ်မောင်းများနှင့် ကုမ္ပဏီဝန်ထမ်း (၂၅၅၅)ဦးအား (ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည်။ ယခုအခါ အဆိုပါ YBS ယာဉ်မောင်းများနှင့် ကုမ္ပဏီဝန်ထမ်းများအား (ဒုတိယအကြိမ်) အဖြစ် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ (၄)ရက်ကြာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သတင်းရရှိသည်။

 

နိုင်လင်းအောင်(ပြန်/ဆက်)