နေပြည်တော်၊ စက်တင်ဘာ ၂၂

“ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်း” အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ကနောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းတို့မှ တာဝန်ရှိသူများ၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (NITAG) အဖွဲ့ဝင်များ၊ UNICEF WHO IFRC MSF (Switzerland နှင့် Holland)၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ နှီးနွယ်ဌာနများ၊  ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်သူလူထုအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊  ရောဂါကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေး (Oral Cholera Vaccine) တိုက်ကျွေးခြင်းလုပ်ငန်းသည် အခြားရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်အတူ ထိရောက်သော ရောဂါကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးလုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှတဆင့် International Coordinating Group ထံအဆိုပြုလွှာ တင်သွင်းခဲ့ရာ အမေရိကန်ဒေါ်လာ (၄) သန်းကျော် တန်ဖိုးရှိ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine) (၂,၄၅၁,၈၆၇) doses ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်က လက်ခံရရှိပြီးဖြစ်ကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများသော မြို့နယ် (၃၅) မြို့နယ်မှ ရောဂါဖြစ်ပွားနိုင်ချေရှိသော နေရာများတွင် နေထိုင်လျက်ရှိသည့် အသက် (၁) နှစ်အထက် ပြည်သူလူထုအား တိုက်ကျွေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအပြင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်ချေရှိသည့် အခြားတိုင်းဒေသကြီး ပြည်နယ်များရှိ ပြည်သူလူထုအား တိုက်ကျွေးနိုင်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ရန်ကုန်တိုင်းဒေသကြီးအတွင်း စတင်ဆောင်ရွက်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို သတ်မှတ်ရက်အတွင်း စနစ်တကျအောင်မြင်အောင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးရန်လိုအပ်သည့် ပြည်သူများအား တစ်ဦးမကျန် တိုက်ကျွေးနိုင်ရေးအတွက် ယခုကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းတွင် လိုအပ်သည့်နေရာများ၌ ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လှိုင်သာယာမြို့နယ်စက်မှုဇုံ (၂) မှ  ပြည်သူများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး  (OCV) တိုက်ကျွေး၍ အမှတ်တရလက်ဆောင်များ ပေးအပ်ကြပြီး ရန်ကင်းမြို့နယ်ရှိ မို့းကောင်းဆုတောင်းပြည့် စေတီဓမ္မာရုံနှင့် ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေကြီး သံဃာ့နာယကရုံးတို့၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိက်ကျွေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်