ရန်ကုန် ၂၂ ဧပြီ
ကိုဗစ် - ၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရုံးဖွင့်ရက်ဖြစ်သော်လည်း ခရီးသွားပြည်သူ နည်းပါးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ ထုတ်ပြန်ချက်များအရ သိရသည်။
သင်္ကြန်ရုံးပိတ်ရက်များအပြီး ဧပြီ ၂၀ ရက်မှစ၍ အစိုးရရုံးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းများ အလုပ်အကိုင်များ ပြန်လည်ဖွင့်လှစ် လည်ပတ်လျက်ရှိသော်လည်း ရန်ကုန်မြို့ရှိ ပြည်သူလူထု၏ သွားလာမှုမှာ နည်းပါးလျက်ရှိကြောင်း သိရသည်။
YRTA ၏ ထုတ်ပြန်ချက်များအရ ဧပြီ ၂၀ ရက် တွင် YBS ယာဉ်လိုင်းပေါင်း ၉၇ လိုင်းမှ မော်တော်ယာဉ် အစီးရေ ၁၃၀၀ ဖြင့် ခရီးသည် ၁၃၇၆၈၈ ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ပြီး ဧပြီ ၂၁ ရက်တွင် YBS ယာဉ်လိုင်းပေါင်း ၉၉ လိုင်းမှ မော်တော်ယာဉ် အစီးရေ ၁၄၃၀ ဖြင့် ခရီးသည် ၁၇၇၉၁၆ ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ နေ့စဉ်ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်း အရေအတွက်နှင့် မော်တော်ယာဉ်အစီးရေမှာ နေ့စဉ် သွားလာမှုရှိသော ပြည်သူများ၏ အခြေအနေအရလည်းကောင်း၊ ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေအရလည်းကောင်း စီမံပြေးဆွဲရခြင်းဖြစ်ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါမဖြစ်ပွားမီက ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်လိုင်းနံပါတ်ဖြင့် ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၁၀၂ လိုင်းရှိပြီး ပြေးဆွဲလမ်းကြောင်းပေါင်း ၁၀၀ ကျော်ရှိကာ ယာဉ်အစီးရေ ပေါင်း ၄၄၀၀ ကျော်ဖြင့် ခရီးသွားပြည်သူ ၁ ဒသမ ၉ သန်းခန့်ကို နေ့စဉ်ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)