ရန်ကုန်   ၄  အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း သတ်မှတ်ချိန်မဟုတ်ဘဲ မောင်းနှင်သော ကုန်တင်ယာဉ်များ၊ တွဲကားများ၊ ကွန်တင်နာကားများကို ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

 

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး (၁၆)ရက် မြောက်နေ့တွင် အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က “ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲသွားလာလျက်ရှိသော ကုန်တင်ယာဉ်များ၊ တွဲကားများ၊ ကွန်တင်နာကားများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတ်မှတ်ချိန်တစ်ခု ထုတ်ပြန်ပြီး ပြေးဆွဲစေခဲ့ခြင်းနှင့် ပတ်သက်၍ မူလထုတ်ပြန်ထားသော ညွှန်ကြားချက်မှာ အသက်ဝင်လျက် ရှိပါသေးသလား၊ အသက်ဝင်လျက် ရှိသည်ဆိုပါက မည်သည့်အတွက်ကြောင့် အရေးယူဆောင်ရွက်မှု မရှိရပါသနည်း၊ အသက် ဝင်ခြင်း မရှိတော့ပြီဆိုပါက မည်သည့်အတွက်ကြောင့် အသက်မဝင်တော့သည်ကို အများပြည်သူ သိရှိရန် ဖြေကြားပေးစေလိုပါကြောင်း၊  အဆိုပါယာဉ်များ မောင်းနှင်ပြေးဆွဲခြင်းကို အများပြည်သူလူထု အနှောင့်အယှက် မဖြစ်စေနိုင်မည့် သင့်တော်သော အချိန်ကာလတစ်ခု အမြန်ဆုံး သတ်မှတ်ပေးရန် အစီအစဉ်ရှိ မရှိ” မေးမြန်းမှုကို ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က “ မေးခွန်း(က)နှင့် ပတ်သက်၍ ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှု လျော့ချနိုင်ရေးနှင့် အများပြည်သူ သွားလာမှု အဆင်ပြေစေရေး အတွက် ကုန်သေတ္တာယာဉ်နှင့် ကုန်တင်ယာဉ်များအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့မှစ၍ ယာဉ် + ကုန် (၉)တန်၊ ဝင်ရိုး (၂)ချောင်း၊ (၆)ဘီး အထက်ယာဉ်များအား ည ၉ နာရီမှ နောက်တစ်နေ့ နံနက် ၆ နာရီအထိ မောင်းနှင်ခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၃)၌ ကျင်းပပြုလုပ် သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်သေတ္တာတင်ယာဉ်နှင့် ကုန်တင်ယာဉ်များ စနစ်တကျ သွားလာနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ဆုံးဖြတ်ခဲ့ပါကြောင်း။

 

ကုန်သေတ္တာယာဉ်နှင့် ကုန်တင်ယာဉ်ကြီးများ ကုန်စည်စီးဆင်းမှု ပိုမိုလျင်မြန်စွာ သွားလာနိုင်ရေးအတွက် လမ်းကြောင်းများ ထပ်မံရွေးချယ်ခဲ့ရာ ယာဉ်ကြောပိတ်ဆို့မှု နည်းပါးသည့် လမ်းများဖြစ်သော မဟာဗန္ဓုလ တံတား၊ ရှုခင်းသာလမ်း၊ ရတနာလမ်း၊ မောင်းမကန်လမ်း၊ ပဲခူးမြစ်လမ်း၊ အမှတ်(၂)သန်လျင်တံတား၊ ရွှေပြည်သာ လှိုင်သာယာမှလာသော ကုန်သေတ္တာယာဉ်နှင့် ကုန်တင်ယာဉ်ကြီးများအတွက် သုဓမ္မာလမ်း၊ ဗိုလ်မှူးဗထူးလမ်း၊ ပြည်ထောင်စုလမ်း၊ အမှတ်(၂)လမ်း၊ မောင်းမကန်လမ်းတို့အား နေ့အချိန်(၁)နာရီမှ (၃)နာရီအတွင်း ဖြတ်သန်းမောင်းနှင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၁၅.၃.၂၀၁၇ ရက်စွဲပါ စာအမှတ်၊ ၄/၇-၂(၂၀)/လျှပ်ဆက်ဖြင့် ခွင့်ပြုပေးခဲ့ပါကြောင်း။

 

ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများနှင့် ပတ်သက်၍ အသင်းအဖွဲ့များ၊ ကုမ္ပဏီများမှ ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ တင်ပြခဲ့သည့် ကိစ္စရပ်များအပေါ် မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များ အသင်း၏ တင်ပြချက်အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၅.၅.၂၀၁၈ ရက်နေ့ ၁၄:ဝ၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ (၃)၌ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစီးကျင်းပပြုလုပ်သော ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ကုန်သေတ္တာယာဉ်နှင့် ကုန်တင်ယာဉ် များအား ဘုရင့်နောင်လမ်းနှင့် ကမ်းနားလမ်းတို့တွင် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ဘုရင့်နောင်လမ်းနှင့် ပုလဲလမ်းဆုံမှ မြို့တွင်း ကုန်သေတ္တာယာဉ်ဝင်းများသို့ ၁၁းဝ၀ နာရီအချိန်မှ ယာဉ်တန်းဖြင့် စတင်ထွက်ခွာပြီး ၁၂:၃၀ နာရီ နောက်ဆုံး ထွက်ခွာရန်နှင့် ကမ်းနားကွန်ကရစ်လမ်း၊ ဟုန်းလမ်းထိပ်မှ ၁၃:ဝ၀ နာရီယာဉ်တန်းဖြင့် ထွက်ခွာပြီး ၁၄:ဝ၀ နာရီ နောက်ဆုံးထွက်ခွာရန်ဖြစ်ကြောင်း၊ သတ်မှတ်ချိန် မဟုတ်ဘဲ မောင်းနှင်သွားလာပါက မော်တော်ယာဉ် ဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ကုန်သေတ္တာယာဉ်အသင်းမှ တာဝန်ရှိသူများနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရာတွင် ထိရောက်မှု ရှိစေရေးအတွက် မြို့နယ်အလိုက် မော်တော်ယာဉ်ပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်းသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။

 

MDN