ရန်ကုန် ၃၀ ဇူလိုင် 

ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်သူများကိုယ်တိုင် တိုက်ရိုက်ရောင်းချသည့် တောင်သူများဈေးကားအစီအစဉ်ကို ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း ထပ်မံတိုးချဲ့ရောင်းချရန် စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။ 


သန့်ရှင်းလတ်ဆတ် ဈေးနှုန်းသက်သာသော စားဖိုဆောင်သီးနှံများ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များကို စားသုံးသူပြည်သူများထံ တိုက်ရိုက်ဖြန့်ဖြူးရောင်းချလျက်ရှိသော တောင်သူများဈေးကားအစီအစဉ်ကို ဇူလိုင် ၁၁ ရက်မှစ၍ ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်း လှည့်လည်ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တောင်သူများဈေးကား ၂ စီးဖြင့် လှည့်လည်ရောင်းချနေသော်လည်း နောက်ပိုင်းတွင် ဈေးကား ၇ စီးအထိ တိုးချဲ့ရောင်းချသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


“စိုက်ပျိုးထုတ်လုပ်သူတောင်သူတွေက ကိုဗစ်-၁၉ ကာလကြောင့် အရောင်းအဝယ်တွေ ပါးလာတယ်။ အဲဒါကြောင့် သူတို့ထုတ်ကုန်တွေကို ဝယ်သူလက်ထဲ တိုက်ရိုက်ရောင်းနိုင်အောင် ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ တိုက်ရိုက်ရောင်းတာ ဖြစ်တဲ့အတွက်ရယ်၊ ဝယ်သူတွေအတွက်လည်း စိတ်ချလက်ချဝယ်နိုင်တဲ့အတွက် ဒီနှစ်ခုကို ပေါင်းစပ်ပေးတဲ့လုပ်ငန်းတစ်ခုကို ဆောင်ရွက်ပေးတာပါ” ဟု မြန်မာကုန်သွယ်မှုမြှင်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးက ပြောသည်။   


တောင်သူများဈေးကားတွင် ပင်းတယ၊ မော်လမြိုင်၊ မှော်ဘီ၊ လှည်းကူး၊ ရန်ကုန်၊ ပြင်ဦးလွင်၊ မြစ်ကြီးနားတို့မှ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ GAP လက်မှတ်ရသီးနှံစုံများဖြစ်သည့် အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မှို၊ ဒညင်းသီး၊ နဂါးမောက်သီး၊ ကျွဲကော၊ ဖရဲနှင့် လတ်ဆတ်သောဟင်းရွက်စုံများကို ရောင်းချပေးနေခြင်းဖြစ်သည်။


တောင်သူများဈေးကားအစီအစဉ်ကို မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။


ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- လင်းညွန့်