ရန်ကုန်၊ ၂၈ ဇန်နဝါရီ
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် မြနန္ဒာလမ်းမပေါ်တွင် အကောင်အထည်ဖော်တည် ဆောက်ခဲ့သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဌာန ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများအား နေရာချထားပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်၏ ပြောကြားချက်အရ သိရသည်။
ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မြနန္ဒာလမ်းမ ပေါ်ရှိ မြနန္ဒာနိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ ဖွင့်ပွဲအခမ်းအနားတွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ထို့ကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ၎င်းက “ဒီအိမ်ရာက နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ ဖြစ်ပါတယ်။ ဥပမာ ဗန္ဓုလအိမ်ရာဆိုရင် ပြည်သူ့အငှားအိမ်ရာ ဖြစ်ပါတယ်။ ပြည်သူ့အငှားအိမ်ရာဖြစ်တဲ့အတွက် မည်သူမဆို လျှောက်ထားနိုင် ပါတယ်။ အထူးသဖြင့် ဝင်ငွေနည်း ပြည်သူတွေကို ဦးစားပေးတာပေါ့။ ဒီအိမ်ရာကတော့ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ ဖြစ်တဲ့အတွက် အစိုးရဝန်ထမ်းတွေကိုပဲ နေရာချထားပေးသွားမှာ ဖြစ်ပါတယ်။ နေရာ ချထားပေးဖို့အတွက် တိုင်းဒေသကြီးမှာ နိုင်ငံဝန်ထမ်း အငှားအိမ်ရာနေရာချထားရေး ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းထားပါတယ်။ ဒီကော်မတီက မူတွေရေးဆွဲပြီးတော့ နေရာချထားပေးသွားမှာဖြစ်ပါ တယ်။ အဓိက ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တာဝန်ထမ်းနေဆောင်တဲ့ ဌာနတွေအလိုက် ဦးစားပေး ရမယ့် ဌာနတွေကို ဦးစားပေးရွေးချယ်ပြီး နေရာချထားပေးသွားမှာဖြစ်ပါတယ်။ ဒါက တာဝန် ထမ်းဆောင်ဆဲ ကာလမှာပဲ နေထိုင်ခွင့်ရှိတာ ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ မြနန္ဒာနိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတွင် အထပ်မြင့် ၅ ထပ်ပါ တိုက်(၁၄)လုံး တည်ဆောက် ထားပြီး အခန်းပေါင်း (၄၇၆)ခန်း ပါဝင်ကြောင်း၊ တိုက်ခန်းအငှားချထား ခြင်းခံရသည့် ဝန်ထမ်းများအား အမှုထမ်းဖြစ်ပါက လစာ၏ ၃ ရာခိုင်နှုန်း၊ အရာထမ်းဖြစ်ပါက လစာ၏ ၅ ရာခိုင်နှုန်းကို အိမ်လခအဖြစ် ကောက်ခံသွားမည်ဖြစ်ပြီး ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် တိုက်ခန်းအငှားချထားခြင်းခံရသည့် ဝန်ထမ်းများအနေဖြင့် ဌာနမှ ထုတ်ပယ်ခံရသည်ဖြစ်စေ ပြောင်းရွှေ့သည်ဖြစ်စေ အဆိုပါ တိုက်ခန်းအား ၂ လအတွင်း ပြန်လည်ပေးအပ်ရမည်ဖြစ်ပြီး ကွယ်လွန် (သို့မဟုတ်) အငြိမ်းစားယူချိန်တွင် ပြောင်းရွှေ့ရန် ပြင်ဆင်ချိန် ၄ လ ပြီးပါက အခန်းပြန်လည်ပေးအပ် ရမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇင်မင်းထွေးနှင့် တာဝန်ရှိသူများက မြနန္ဒာ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က မြနန္ဒာနိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ အမွေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုအမှာ စကားပြောကြားပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးက ကျေးဇူးတင် စကား ပြောကြားသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုက်ခန်းများအား လှည့်လည် ကြည့်ရှုပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
အဆိုပါ မြနန္ဒာနိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် Yangon Metropolitan Development Public Co.,Ltd က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- မင်းသစ်(MNA)


