ရန်ကုန်  မတ် ၈

 

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၈၉၅၁ ဦး တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီးအတွင်း၌ စာစစ်ဌာန ၇၃ ခုဖွင့်လှစ်ထားရှိပြီး ကျောင်းသား ၈၆၀၉ ဦး၊ ကျောင်းသူ ၁၀၃၄၂ ဦးဖြေဆိုသွားမည်ဖြစ်ရာ ပြင်ပမှဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၂၅၀၉ ဦးလည်းပါဝင်သည်။ စာမေးပွဲတွင် သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲနှင့် ဝိပ္ပံတွဲတို့ကို ဖြေဆိုရမည် ဖြစ်ပြီး ယခုနှစ်တွင်လည်း စိတ်ကြိုက်မြန်မာစာဘာသာရပ်၌ တစ်ဦးတည်းဖြေဆိုသွားရန် ရှိကြောင်း သိရသည်။

 

“ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ Grade 12 စနစ်သစ်ရဲ့ ပထမဆုံး ကျင်းပတဲ့စာမေးပွဲလည်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးလည်းအတူ တူပါပဲ။ Grade 12 ဟာ သင်ရိုးသစ်လည်းဖြစ်သလို ဆရာတွေနဲ့ကျောင်းသား၊ ကျောင်းသူတွေ ပထမဦးဆုံးရင်ဆိုင်ရမယ့် စာမေးပွဲလည်းဖြစ်ပါတယ်။ ပထမဆုံးကြုံတွေ့ရမယ့် စာမေးပွဲဖြစ်တာကြောင့် ဆရာတွေအနေနဲ့ သင်ကြားရေးပိုင်းမှာ၊ သင်ယူမှုအပိုင်းမှာ အထူးဂရုစိုက်ပြီး လေ့ကျင့်သင်ကြားပေးခဲ့ကြပါတယ်။ မိဘများရဲ့ပံ့ပိုးမှုလည်းရှိခဲ့ပါတယ်။ သင်ရိုးသစ်၊ မေးခွန်းပုံစံအသစ်နဲ့ ပထမဆုံးရင်ဆိုင်ရတဲ့ စာမေးပွဲ ဖြစ်တာကြောင့် စိတ်ဝင်စားမှုရှိပြီး စိုးရိမ်မှုအချို့ရှိကြပေမယ့် ကျိုးစားအားထုတ်မှုရှိတာကို တွေ့ရပါ တယ်။ ပညာရေးဝန်ထမ်းများအနေနဲ့ ရင်ဆိုင်ရမယ့်အခက်အခဲတွေကို စိတ်အေးချမ်းစွာ ကျော်လွှား နိုင်အောင် အဖက်ဖက်က ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ ကျောင်းသူ၊ ကျောင်းသားများ အနေနဲ့ မိမိတို့ဖြေဆိုရမယ့်ကာလမှာ ကျန်းမာရေးကိုဂရုစိုက်ပြီး တစ်နှစ်တာကျိုးစားထား မှုအပေါ်မှာ အစွမ်းကုန်အားထုတ်ပြီး ဖြေဆိုသွားမယ်ဆိုရင် မိမိတို့နဲ့ထိုက်တန်တဲ့ အောင်မြင်မှုအသီးသီးကို ရရှိကြမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်က ပြောသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ Grade 12 သင်ရိုးသစ် ဘာသာရပ်များကို သိရှိ နားလည်နိုင်စေရန်  ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ဝေသည့် Grade 12  သင်ရိုးသစ်နှင့် စပ်လျဉ်းသည့် ဘာသာရပ်အလိုက်မေးခွန်းပုံစံများကိုလည်း ကျောင်းများတွင် လေ့ကျင့် သင်ကြားပေးခဲ့ပြီး နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည့် ပါမောက္ခများ၏ ဘာသာရပ်အလိုက် ဆွေးနွေးမှုများနှင့်‌ မေးခွန်းပုံစံများကိုလည်း အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းတို့တွင် လေ့ကျင့်သင်ကြားပေးခဲ့‌ကြောင်း သိရသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ တစ်ရက်လျင် တစ်ဘာသာဖြင့် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖြေဆိုသွားရမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ သင်ရိုးသစ်ဘာသာရပ်တို့ တွင် ကောင်းမွန်စွာသင်ကြားနိုင်ဖို့ ဆရာ၊ ဆရာများအား ‘သင်ကြားရေးစွမ်းရည်မြှင့်’ သင်တန်းများဖြင့် ပံ့ပိုးကူညီခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ဦးတည်၍ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း ကျင်းပပေးခဲ့ကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)