နေပြည်တော် ၊ ၂၇ ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ AWPT ဆိပ်ကမ်းတွင် ကြယ်စင်ဝိုင်းကုမ္ပဏီအမည်ဖြင့် ကုန်သေတ္တာ (၂)လုံးအား ဂျင်းအစို(Fresh Ginger)ဟုကြေညာထားပြီး EXPORT DECLEARATION လျှောက် ထားမှုအပေါ် မသင်္ကာသဖြင့် အဆိုပါကုန် သေတ္တာ(၂)လုံးအား ဇန်နဝါရီ ၂၃ ရက်တွင် X-ray ဖြတ်၍စစ်ဆေးရာ သစ်များဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်နှင့် အလုံမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်‌သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၅ ရက်တွင် စစ်ဆေးရာ တရားမဝင် ပိတောက်သစ်ခွဲသား (၂၂ ဒသမ ၈၁၀၆)တန်ကို ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော ပြစ်မှုကျူးလွန်သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိ ကြောင်းသစ်တော ဦးစီးဌာနမှ သိရသည်။

ညီညီသန်း(နေပြည်တော်)