၂ဝ၂၄ ခုနှစ် ဇွန်လအစပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားသည့်လူနာများ ရှိခဲ့ပြီး ထိုသို့ဖြစ်ပွားခြင်းသည် နှစ်စဉ်မိုးရာသီကာလတွင် ပုံမှန်အတိုင်း ဖြစ်ပွားမှုအနေဖြင့်သာ ရှိခဲ့ပါသည်။ ယခုနှစ် ဇွန်လကုန်ပိုင်းလောက်မှ စတင်၍ သာကေတမြို့နယ် အပါအဝင် ရန်ကုန်အရှေ့ပိုင်းခရိုင် မြို့နယ်အချို့တွင် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားသည့် လူနာအချို့သည် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ခဲ့ပြီး လက်ရှိအချိန်ထိ ရောဂါကြောင့် သေဆုံးသည့်လူနာ မရှိပါ။

ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါသည် ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းကြောင့် ဖြစ်ပွားပြီး အဆိုပါရောဂါပိုးများသည် ယင်နားစာ စသည့် မသန့်ရှင်းသည့် အစားအစာများနှင့် မသန့်ရှင်းသည့် ရေတို့မှတစ်ဆင့် လည်းကောင်း၊ လက်မသန့်စင်ခြင်း စသည့် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့် လည်းကောင်း၊ ယင်မလုံသည့် အိမ်သာနှင့် အိမ်သာကန်များမှတစ်ဆင့် လည်းကောင်း ရောဂါအဆင့်ဆင့် ကူးစက်ဖြစ်ပွားပါသည်။

ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရေးအတွက် ယင်နားစာ စသည့် မသန့်ရှင်းသည့် အစားအစာများကို မသုံးစွဲခြင်း၊ FDA အသိအမှတ်ပြု သောက်ရေသန့် (သို့မဟုတ်) ရေသန့်စင်ဆေးပြား အသုံးပြု၍ သန့်စင်ထားသည့်ရေ (သို့မဟုတ်) ဆူပွက်အောင် ကျိုချက်ထားသည့်ရေ စသည့် သန့်ရှင်းသည့်ရေကိုသာ သောက်သုံးခြင်း၊ အစားအစာများကို မစားသုံးမီနှင့် အိမ်သာမှအထွက်တွင် လက်ကို ဆပ်ပြာနှင့် ရေအသုံးပြု၍ စနစ်တကျ သန့်စင်ဆေးကြောခြင်း၊ သန့်ရှင်းသည့် ယင်လုံအိမ်သာ (သို့မဟုတ်) ယင်လုံသည့် မိလ္လာကန်ကို အသုံးပြုခြင်းနှင့် ယင်ကောင်ပေါက်ပွားမှု နည်းပါးစေရေးအတွက် စားကြွင်း၊ စားကျန်များ အပါအဝင် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်ပါသည်။

ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ လက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်၍ စောစီးစွာ ကုသမှုခံယူသင့်ပါကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန
(၆-၇-၂၀၂၄)