ရန်ကုန် ၈ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ နိုင်ငံတစ်ဝန်းရှိ သတ်မှတ် မဲဆန္ဒနယ်အသီးသီး၌ တစ်ပြိုင်တည်းကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမြင်အာရုံချို့တဲ့သည့် မျက်မမြင် မဲဆန္ဒရှင်ပြည်သူများလည်း စိတ်အေးချမ်းသာစွာဖြင့် ပါဝင်ဆန္ဒမဲပေးကြသည်။
ထိုသို့ ဆန္ဒမဲပေးရာတွင် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ အမြင်အာရုံချို့တဲ့သည့် မျက်မမြင် မဲဆန္ဒရှင်ပြည်သူ များလည်း ပါဝင်ဆန္ဒမဲပေးခဲ့ကြပြီး အဆိုပါ မဲဆန္ဒရှင်များ အဆင်ပြေစေရန်အတွက် ကြည့်မြင်တိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအနေဖြင့် မျက်မမြင်သုံးသ င်္ကေတများပါရှိသည့် template (ပုံစံပြား) များထားရှိထားသော အထူးမဲရုံဖွင့်လှစ်ကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင် အရှေ့ရပ်ကွက် မဲရုံအမှတ်(၂)တွင် လာရောက်၍ ဆန္ဒမဲပေးသူ ကြည့်မြင်တိုင်မြို့နယ်မှ အမြင်အာရုံချို့တဲ့သည့် မသဲသဲချိုက “၂၀၁၅ ခုနှစ်တုန်းကလည်း မဲပေးခဲ့ပါတယ်။ အရင်တုန်းကလည်း အတွေ့အကြုံရှိထားတယ်။ ကိုယ်ကျွမ်းကျင်တဲ့ မျက်မမြင်ဘာသာရပ်နဲ့ အဆင်ပြေအောင် လုပ်ပေးထားတဲ့အတွက် အခက်အခဲမရှိပါဘူး။ မသန်စွမ်းသူတစ်ယောက် ဖြစ်နေပေမယ့်လည်း သန်စွမ်းသူတွေနဲ့ တန်းတူညီတူ နိုင်ငံသားတစ်ယောက်အဖြစ် တာဝန်ကျေစွာမဲပေးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အခုလို အဆင်ပြေစွာ မဲပေးနိုင်ဖို့အတွက် ဆောင်ရွက်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
အလားတူ အဆိုပါမဲရုံ၌ လာရောက်ဆန္ဒမဲပေးသူက ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ကျောင်းဆရာ ဦးဇော်ထွေးဦးက “အရင်တုန်းကလည်း မဲပေးခဲ့ပါတယ်။ ကျွန်တော်တို့ မျက်မမြင်တွေအတွက် မျက်မမြင်သုံး သင်္ကေတနဲ့ပေးနိုင်မယ့် အထူးမဲရုံတွေ ထားရှိပေးတဲ့အတွက် မဲပေးတဲ့အခါမှာ အခက်အခဲမရှိ လွတ်လပ်စွာနဲ့ မဲပေးနိုင်ခဲ့ပါတယ်။ ဘယ်ကိုယ်စားလှယ်ဘာလုပ်တယ်ဆိုတာမျိုး ကျွန်တော့်အနေနဲ့မသိပါဘူး။ သတင်းနားထောင် တဲ့အတွက် သတင်းထဲမှာပြောကြတဲ့ နိုင်ငံရေးအခြေအနေတွေအရ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကတော့ဖြင့် ဘာလုပ်ပေးနိုင်တယ်ဆိုတာမျိုးကို ကြည့်ပြီးတော့ ကျွန်တော့်ယုံကြည်ချက်နဲ့ ပါတီရဲ့ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ခဲ့တယ်။ နိုင်ငံကို အရင်ထက် ပိုမိုကောင်းမွန်ဖို့နဲ့ မသန်စွမ်းပြည်သူတွေအတွက် အခွင့်အလမ်းကောင်း တွေရဖို့ မျှော်လင့်ပါတယ်” ဟုပြောသည်။
မျက်မမြင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာသွားလာမဲပေးနိုင်ရေး၊ ဆန္ဒမဲပေး ရွေးချယ်ရာတွင် မှန်ကန်စွာ မဲပေးနိုင်ရေးတို့အတွက် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ဝန်ထမ်းဆရာ၊ ဆရာမများအား မဲရုံဝန်ထမ်းအဖြစ် ရွေးချယ်ခန့်အပ်ကာ ဆောင်ရွက်ခဲ့ကြောင်း၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းတွင် ကျောင်းသား ၁၂၀ ကျော်ရှိသော် လည်း ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် ကျောင်းသားများမှာ မိမိတို့၏ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ပြန်သွားသဖြင့် ယနေ့တွင် ကျောင်း၌ ကျန်ရှိသည့် ဆရာ၊ ဆရာမ ၁၅ ဦးလာရောက် ဆန္ဒမဲပေးကြကြောင်း ကြည့်မြင် တိုင်မြို့နယ်၊ မကျည်းတန်းတောင် အရှေ့ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိန်မြထံမှ သိရသည်။
မျက်မမြင်များအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ရွေးကောက်ပွဲများတွင် ကိုယ်တိုင်ကိုယ်ကျ မဲပေးနိုင်ခြင်း မရှိဘဲ အကူအညီယူ၍ မဲပေးခဲ့ကြရသော်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှစတင်ကာ မျက်မမြင်သုံး သင်္ကေတများပါရှိသည့် template (ပုံစံပြား)များဖြင့် ကိုယ်တိုင်ကိုယ်ကျ လျှို့ဝှက်ဆန္ဒမဲ ပေးနိုင်ခဲ့ကြကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်


