ရန်ကုန် ၁၈ ဖေဖော်ဝါရီ

     

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များ၏ ပြည်သူ့ကျန်းမာရေးဌာနများ၊ ဒေသန္တရ ကျန်းမာရေးဌာနနှင့် ဌာနခွဲတို့တွင် ဆီးချိုနှင့် သွေးတိုးဝေဒနာရှင်တို့အား ဖေဖော်ဝါရီ ၁၇ ရက်နေ့မှစတင်၍ တစ်ပတ်လျင် တစ်ကြိမ် အခမဲ့ကုသမှုဖြင့် ဝန်ဆောင်မှု စတင်ပေးနေပြီဖြစ်ကြောင်း သိရသည်။

 

mdn

     

ရန်ကုန်တိုင်းဒေသကြီးရှိ ဆီးချိုလူနာ(၂၅,၆၀၅)ဦးနှင့် သွေးတိုးလူနာ(၃၃,၆၅၈)ဦးတို့ကို ပြည်သူ့ကျန်းမာရေးဌာနမှ (၂၀၁၇)ခုနှစ်တွင် ကုသပေးခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်(၄၅)မြို့နယ်တွင် ဒေသန္တရ ကျန်းမာရေးဌာန(၂၉)ခု၊ ဒေသန္တရ ကျန်းမာရေးဌာနခွဲ(၂၁)ခုနှင့် ကျေးလက်ကျန်းမာရေးဌာန(၉၁)ခုတို့ဖြင့် ကျန်းမာရေး ဝန်ထမ်းများက အထူးကုသမားတော်ကြီးများက ချမှတ်ထားသော ကုသမှုနည်းစနစ်အတိ်ုင်း ရောဂါစစ်ဆေးခြင်းနှင့် ရောဂါရှိသူတို့အား သတ်မှတ်ထားသည့် အခြေခံဆေးဝါးတို့ဖြင့် ကုသခြင်းဖြစ်သည်။

     

ဆီးချိုနှင့်သွေးတိုးရောဂါကို ကုသမှုပေးနိုင်ရန် အထူးကုဆရာဝန်ကြီးများ ကိုယ်တိုင် Helpage International ၏ အကူအညီဖြင့် (၂၀၁၈) ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့တွင် ဆရာဖြစ်သင်တန်းများကို တိုင်းလုံးကျွတ်ပို့ချခဲ့ပြီး PEN လုပ်ငန်းမြို့နယ် အဆင့်ဆရာဖြစ်သင်တန်း၊ သွေးတိုးရောဂါအတွက်(၂၀၁၉)ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် သင်တန်းနှင့် ဆီးချိုရောဂါအတွက် ပါမောက္ခတို့က သင်တန်းများပို့ချ၍ အပြန်အလှန် ဆွေးနွေးခြင်းတို့ဖြင့် ရန်ကုန်းတိုင်းဒေသကြီးအတွင်းရှိ ဆီးချို၊ သွေးတိုးဝေဒနာရှင်တို့အား ကုသမှုလွှမ်းခြုံနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
             

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေး ဝန်ထမ်းများက ပြည်သူလူထုအတွင်း ဖြစ်ပွားနှုန်းမြင့်မားနေသော ဆီးချိုနှင့်သွေးတိုးရောဂါကို ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ထောက်ပံ့ပေးထားသော ဆေးဝါးနှင့် ဆေးပစ္စည်းများကို အသုံးပြု၍ ရေရှည်တည်တံ့သော ဆေးခန်းများအဖြစ် အပတ်စဉ် ဗုဒ္ဒ္မဟူးနေ့တိုင်း ဖွင့်လှစ်ကုသသွားမည်ဖြစ်သည်။

     

တစ်ပတ်လျင် တစ်ရက်ဖွင့်လှစ်ကုသနေချိန်တွင် လူနာများစောင့်ဆိုင်းနေစဉ် ကိုယ်ကာယလေ့ ကျင့်ခန်းပြုလုပ်ပေးခြင်း၊ ဆီးချိုနှင့်သွေးတိုးဆိုင်ရာ ပညာပေးစာစောင်များကို ဖတ်ရှုနိုင်ခြင်း၊ အာဟာရကျွေးမွေးခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ပြီး တစ်ရက်လျင် နာရီဝက်ကြာ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သော အလေ့အထကောင်းများကို ရရှိစေမည့်အပြင် ဆီးချိုနှင့်သွေးတိုးရောဂါ ကျဆင်းမှုကိုလည်း အဆိုပါလေ့ကျင်ခန်းက များစွာ အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

     

ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ(၇)သန်းကျော်ရှိပြီး အသက်(၄၀) အထက် လူဦးရေ(၂)သန်းကျော်ရှိရာ မြန်မာပြည်လူဦးရေ၏ တစ်ဝက်ခန့်ကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနေရသောကြောင့် ယခုလက်ရှိ မြို့နယ်(၇)ခုတွင် လေထုအတွင်း ပျံ့နှံလွယ်သည့် ဝက်သက်နှင့်ဂျိုက်သိုးရောဂါကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ စတင်၍ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည့်နည်းတူ လူမျိုးမရွေး ဖြစ်ပွားလျက်ရှိသော ဆီးချိုနှင့် သွေးတိုးရောဂါကိုလည်း ဖေဖော်ဝါရီ ၁၇ ရက် ဗုဒ္မဟူးနေ့မှစ၍ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် ကျန်းမာရေးဝန်ထမ်းများက အခမဲ့ဝန်ဆောင်မှုဖြင့် စတင်ဆောင်ရွက်ခြင်းဖြစ်သည်။

             

ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစတင်၍ မြို့နယ် ၄၅ မြို့နယ်တွင် ဆီးချိုနှင့် သွေးတိုးဝေဒနာရှင်တို့ကို စတင်ကုသမှုပေးလျက်ရှိရာ ထိုကျန်းမာရေးဌာနနှင့် ဒေသန္တာရ ကျန်းမာရေးဌာနများသို့ အသက်(၄၀)နှင့် အထက် ကျား/မ မရွေး၊ ဆေးလိပ်သောက်သူများ၊ ခါးပတ်လည်အတိုင်းအထွာ အမျိုးသမီး(၈၀)စင်တီမီတာနှင့် အမျိုးသား(၉၀) စင်တီမီတာအထက်ရှိသူများ၊ သွေးတိုးရောဂါရှိ်သူများ၊ သွေးချိုဆီးချိုရောဂါရှိသူများ၊ ဆွေမျိုးအရင်းအချာများတွင် ငယ်ရွယ်စဉ်က နှလုံးသွေးကြောရောဂါဖြစ်ဖူးသော ရာဇဝင်ရှိသူများ၊ ဆွေမျိုးအရင်းအချာတို့တွင် သွေးချို၊ ဆီးချိုနှင့် ကျောက်ကပ်ရောဂါဖြစ်ဖူးသော ရာဇဝင်ရှိသူများ စသည်ဝေဒနာရှင်များ လာရောက်ပြသနိုင်ကြောင်း သိရပြီး လူနာများအား မှတ်ပုံတင်ခြင်း ၊ အရပ်ကိုယ်အလေးချိန် တိုင်းတာခြင်း၊ BMI တွက်ချက်ခြင်းနှင့် ခါးအရွယ်အစား တိုင်းတာခြင်း၊ စားသောက်နေထိုင်မှုနှင့် ဆိုင်သောမေးခွန်းများ မေးခြင်းနှင့် သွေးပေါင်ချိ်န်တိုင်းတာခြင်း၊ သွေးဝင်အချို ဓာတ်ပါဝင်မှုတိုင်းတာခြင်း၊ နှလုံးသွေးကြော ရောဂါအန္တရာယ်(CVD Risk)ခန့်မှန်းတွက်ချက်၍ သင့်လျော်သောကုသမှုပေးခြင်း၊ လွှဲပို့ရန်လိုအပ်သော လူနာများကို နီးစပ်ရာဆေးရုံများသို့ လွှဲပို့ခြင်းစသည့် ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် လုပ်ငန်းအဆင့်ဆင့်ကို  ကျန်းမာရေးစောင့်ရှောက်မှု ပေးမည်ဖြစ်သည်။

 

mdn

 

“သွေးတိုးနဲ့ ဆီးချိုရောဂါကို ဗုဒ္ဒ္မဟူးနေ့တိုင်းမြို့နယ်တွေမှာ အခမဲ့ကုသပေးနေပါပြီ။ ဗဟို၊စီမံချက်နဲ့ တိုင်းကဝယ်ယူပြီးတော့ ထောက်ပံ့တဲ့ အခြေခံဆေးဝါးတွေနဲ့ ကုသသွားမှာပါ။ လူနာတွေအတွက် အခြေခံဆေးဝါး(၆)မျိုးနဲ့ ကုသသွားမှာပါ။ မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံနိုင်အောင် ဆောင်ရွက်နေပါတယ်။ နေပြည်တော်မှာလည်း ဆောင်ရွက်နေပါတယ်။ သွေးတိုး၊ ဆီးချိုက ဒီဖက်ခေတ်မှာ အဖြစ်များလာတယ်။ မြန်မာတစ်နိုင်ငံလုံးရဲ့ လူဦးရေတစ်ဝက်နဲ့ညီမျှတဲ့ ကုသမှုကို ရန်ကုန်တိုင်းမှာ ဆောင်ရွက်ပေးနေရတယ်။ သွေးတိုး၊ဆီးချို၊နှလုံး၊ ကျောက်ကပ်၊ ကင်ဆာ၊ နာတာရှည်နဲ့ အဆုတ်ရောင်တဲ့ ဝေဒနာတွေ ကပိုပြီးဖိစီးလာတယ်။ မြို့ပြကျေးလက်ဖြစ်လာကြတာ။ ကိုယ်လက်လှုပ်ရှား ဆောင်ရွက်မှုနဲ့ အချို၊ အငန်၊ အဆီတွေ ရှောင်ဖို့လိုပြီး ကျောင်းကျန်းမာရေးနဲ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းကျန်းမာရေးကို (၂၀၁၉-၂၀၂၀) ပညာသင်နှစ်ကစပြီး စီမံချက်ရေးဆွဲ ဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးကလည်း လမ်းညွှန်ထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကနေ မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံနိုင်အောင် ဆောင်ရွက်ဖို့ရှိပါတယ်။ WHO ရဲ့ ကူညီထောက်ပံ့မှုနဲ့ ဆောင်ရွက်သွားမှာပါ။ ပြည်သူလူထုအနေနဲ့ ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ဆေးခန်းတွေမှာ လာရောက်ပြသကြပါ။ လမ်းညွှန်တဲ့အတိုင်း ဆောင်ရွက်ပေးပါ။ ဒါမှသာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုနဲ့ သွေးတိုးရောဂါ စစ်ဆေးကုသမှုအတွက်မြို့နယ် အသီးသီးက ဒေသန္တရ ဌာန၊ ကျေးလက်ကျန်းမာရေးဌာနတွေမှာ ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်နေပါပြီလို့ အသိပေးလိုပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိ်ယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောသည်။

 

သန်းထိုက်
ဓာတ်ပုံ-သစ္စာ