၉  နိုဝင်ဘာ

ယနေ့ကျင်းပသည့် ၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနေ့တွင်   ရန်ကုန် တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မဲရုံအသီးသီးတွင် နံနက်  ၆ နာရီ မဲရုံစတင် မဖွင့်မီကတည်းက  မိမိတို့ နိုင်ငံသားအခွင့်အရေး          အတွက် မဲပေးလိုသူပြည်သူများ   စောင့်ဆိုင်းနေကြသကဲ့သို့ မဲရုံအသီးသီးတွင်  တာဝန်ထမ်းရွက်ကြမည့် မဲရုံမှူးအပါအဝင်  အဖွဲ့ဝင်များသည်လည်း  ကျရာကဏ္ဍမှ တာဝန်ထမ်းဆောင်ရန် အသင့်ရှိနေကြသည်။

ယနေ့ကျင်းပပြုလုပ်သည့်    ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်   ဆန္ဒမဲပေးခဲ့ကြသည့် မဲဆန္ဒရှင် ပြည်သူများ၊ မဲရုံများတွင်  တာဝန်ထမ်းဆောင်ကြသည့် မဲရုံမှူးအပါအဝင်   တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြ လိုက်ရပါသည်-

ဒေါ်ခင်သန့်ဇင်

မင်္ဂလာတောင်ညွန့်မြို့နယ်

ကျွန်မကအသက် ၆၀ ကျော်ပြီ   ဖြစ်ပေမယ့် ကျန်းမာရေးကောင်းတယ်။  မဲရုံက အိမ်နဲ့နီးတယ်ဆိုတော့ ဒီနေ့ ကိုယ်တိုင်သွားပြီး မဲပေးခဲ့တယ်။ မဲပေးရာမှာလည်း အဆင်ပြေပြေနဲ့ ပေးနိုင်ခဲ့ပါတယ်။ အခုလို မဲပေး လိုက်ရတဲ့အတွက် နိုင်ငံသားတစ်ယောက် အနေနဲ့  တာဝန်ကျေသွားပြီလို့  ယူဆပါ တယ်။

ဦးမင်းမောင်စိုး

ရန်ကုန်သစ်ရပ်ကွက်

ကျွန်တော်က  မွန်တိုင်းရင်းသားပါ။ အသက်  ၅၆ နှစ်ရှိပါပြီ။ မဲပေးတဲ့နေရာမှာ သူ့နေရာနဲ့သူ  အစီအစဉ်တကျ ဆောင်ရွက် ပေးထားတာ ကောင်းပါတယ်။ ၂၀၁၅ ထက် ပိုကောင်းတယ်။ သူ့နေရာနဲ့သူ အလုပ်လုပ် ကြတဲ့အတွက် မဲထည့်တဲ့သူအတွက်လည်း ကောင်းပါတယ်။ စနစ်တကျစီစဉ်ထားတာမို့ ကျန်းမာရေးအရလည်း ကောင်းပါတယ်။

မသီရိခေတ်

မရမ်းကုန်းမြို့နယ်

ပထမဆုံးအကြိမ်  မဲပေးခွင့်ရတာဆိုတော့ စိတ်တော်တော်လှုပ်ရှားတယ်။ ကိုဗစ်-၁၉ ရောဂါကာလဆိုတော့ ဆန္ဒမဲပေး မယ့်သူတွေအတွက်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အဆင်ပြေအောင်  စီစဉ်ပေးထားမှုတွေကလည်း တော်တော်ပြည့်စုံပါတယ်။ ကိုယ်ပေးချင်တဲ့ ကိုယ်စားလှယ်လောင်းကို အဆင်ပြေလွတ်လပ်စွာနဲ့   ပေးခွင့်ရခဲ့တဲ့ အတွက်ကျေနပ်တယ်။ ကိုယ်နဲ့အတူလူငယ် တွေရဲ့ အနာဂတ်ကို မြှင့်တင်ပေးနိုင်မယ့် ကိုယ်စားလှယ်လောင်းကို   ရွေးချယ်မဲပေးခဲ့ တယ်။ ကိုယ်မဲပေးခဲ့တဲ့ ကိုယ်စားလှယ်လောင်းသာ အနိုင်ရခဲ့ရင် အနာဂတ်လူငယ် တွေရဲ့ ပညာရေး၊ ကျန်းမာရေးအပိုင်းတွေကို အဓိကထားပြီး   ဆောင်ရွက်ပေးစေချင်ပါတယ်။

မဇင်မာလွင်

မရမ်းကုန်းမြို့နယ်

ပထမဆုံးအကြိမ်   မဲပေးခွင့်ရတာပါ။ ပြည်သူတစ်ယောက်အနေနဲ့   နိုင်ငံ့တာဝန် တစ်ခုကို ထမ်းဆောင်လိုက်ရသလို၊ ပြည်သူ့ တာဝန်ကျေသလို ခံစားမိတယ်။ မဲပေးတဲ့ အခါမှာလည်း    သက်ဆိုင်ရာက  အစစ အရာရာ အဆင်ပြေအောင်  စီစဉ်ပေးထားတဲ့ အတွက်  ကျေနပ်မိပါတယ်။   ကိုယ်ကြိုက် နှစ်သက်တဲ့  ကိုယ်စားလှယ်လောင်းကို  မဲပေး ခဲ့ပြီဆိုတော့  စိတ်ထဲမှာလည်း ကျေနပ်ပြီး ပီတိဖြစ်မိတယ်။   ရွေးကောက်ပွဲရလဒ်တွေ  မသိရသေးပေမယ့် ကိုယ့်မဲပေးခဲ့တဲ့ ကိုယ်စား  လှယ်လောင်းတွေအပေါ်မှာ      အများကြီး မျှော်လင့်ထားတယ်။ ကိုယ့်ရဲ့ ကိုယ်စားလှယ် လောင်းသာအနိုင်ရခဲ့မယ်ဆိုရင် အဓိကအနေ နဲ့ ပညာရေးပိုင်းကို ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ ကျန်းမာရေး နဲ့  စီးပွားရေးကလည်း     အရေးကြီးပေမယ့် လူငယ်တွေရဲ့ ပညာရေးပိုင်းကို ပိုမိုပြီး အလေး ပေး ဆောင်ရွက်ပေးစေချင်ပါတယ်။

ဦးဇော်မြင့်နိုင်

ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊

မင်္ဂလာတောင်ညွန့်မြို့နယ်

ကျွန်တော်က ရပ်ကွက်ကော်မရှင်အဖွဲ့ဝင် ဖြစ်တော့ အပြင်စည်းကနေ မဲရုံလေးရုံလုံးကို စောင့်ကြည့်ရတယ်။  မဲရုံအမှတ် (၁)က ရွှေကျင် ဘုန်းကြီးကျောင်းမှာပါ။ မဲရုံအမှတ် (၂)၊ အမှတ် (၃)နဲ့ အမှတ် (၄)တို့က အမက (၁၂) မူလတန်း လွန်ကျောင်းမှာပါ။ ဒီမဲရုံ လေးရုံစလုံးမှာ မဲလာ ပေးသူတွေ  မဲပေးရာမှာ အခက်အခဲမရှိစေဖို့ အတွက်    ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌနဲ့အတူ လိုက်ကြည့်နေပါတယ်။ အခုမနက်ပိုင်းဆို မဲလာပေးကြတဲ့သူတွေ တော်တော်များတယ်။ မဲရုံ (၁)ဆိုရင်   မနက်ပိုင်းက  မီးပြတ်သွားတဲ့ အတွက် ၁ဝ   မိနစ်လောက်    နောက်ကျသွားတယ်။ လူလည်းများတော့   ကောင်တာနှစ်ခုခွဲ ထားတယ်။ အမှတ်စဉ်  ၁ ကနေ ၇၅၀ အထိ  တစ်ခု၊ နောက် ၇၅၀ ကနေ ၁၅၀၀ ထိတစ်ခုခွဲ ထားရတယ်။  မဲရုံ (၂)ဆိုလည်း လူများလို့ခွဲထား ရတယ်။ ကျွန်တော်တို့က ၂၀၁၀၊  ၂၀၁၂ နဲ့ အခု ၂၀၂၀ သုံးကြိမ်ရှိပြီ။  ဒီနှစ်ကတော့ ကော်မရှင်အဖွဲ့ဝင်အနေနဲ့   ပါဝင်ခွင့်ရတယ်။  အခုလို ဆောင်ရွက်ခွင့်ရရှိတာ  နိုင်ငံသားတစ်ယောက်အနေနဲ့ အများကြီးဂုဏ်ယူမိပါတယ်။

ဦးအောင်ကျော်စိုး

မင်္ဂလာတောင်ညွန့်မြို့နယ်ကပါ။ အထူး ရဲအနေနဲ့ မဲရုံအမှတ် (၂) မှာ ဆောင်ရွက်နေပါတယ်။ မဲလာပေးတဲ့သူ   အရေအတွက်ကို စောင့်ကြည့်မှတ်သားပေးရတယ်။ လိုအပ်တဲ့ အကူအညီရှိရင်လည်း ပေးမှာပါ။ လာတဲ့သူတွေ များတယ်။ မနက်  ၈ နာရီကျော်မှာ လူ ၁၀၀ ကျော် ဆန္ဒမဲလာပေးသွားကြပြီ။

မဆုလဲ့မွန်

ညီအစ်မသုံးယောက် မဲလာပေးကြတာပါ။ ကျွန်မကလည်း  မင်္ဂလာတောင်ညွန့်မြို့နယ် မဲရုံအမှတ် (၂)မှာ ပထမဆုံးအကြိမ် မဲပေးတာ ပါ။  အဆင်ပြေပြေ    မဲပေးနိုင်ခဲ့ပါတယ်။ ကိုယ်ပေးချင်တဲ့ပါတီကို မဲပေးခဲ့ပြီးပါပြီ။ မဲရုံမှာပေးရတာ အဆင်ပြေပါတယ်။ မဲပေးခွင့်ရတဲ့ အတွက်လည်း ဝမ်းသာပါတယ်။

ဒေါ်နုမြတ်စံ

အမှတ်(၈)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်   

ကော်မရှင်ရဲ့ ညွှန်ကြားထားတဲ့အတိုင်း အဆင့်ဆင့်    လုံခြုံကာကွယ်မှုဖြစ်အောင် ပြီးပြည့်စုံအောင်   ဆောင်ရွက် ထားပါတယ်။ မဲစာရင်းတွေ  စစ်ထားတယ်၊ ကြိုတင်မဲစာရင်းတွေကိုလည်း  သေချာစစ်ဆေးထားတယ်၊ မဲရုံ အခန်းတွေကိုလည်း မဲဆန္ဒရှင်တွေ အဆင်ပြေစွာ   မဲထည့်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်     လုပ်ထားပေးတယ်။    လာရောက်ကူညီတဲ့ သူတွေနဲ့အစည်းအဝေးလုပ်တယ်။  ရပ်ကွက် ကော်မရှင်နဲ့လည်း အဆင်ပြေအောင် ပူးပေါင်း ဆောင်ရွက်ပါတယ်။ မဲလာပေးသူတွေ အဆင်ပြေအောင်ကြိုတင်ပြီး ကတ်ပြားတွေ ထုတ်ပေး ထားတယ်။ ကိုဗစ်- ၁၉ နဲ့ပတ်သက်ပြီး ရောဂါ ကာကွယ်ရေးအတွက်လည်း နှာခေါင်းစည်းတွေ၊ မျက်နှာကာတွေ  ကြိုတင်ဆောင်ရွက် ပေးထားပါတယ်။   ဆန္ဒမဲပေးတဲ့ သူတွေအတွက်  အဆင်ပြေအောင် ဆောင်ရွက်ထားပါတယ်။       

ဒုတိယရဲမှူးညီညီ

ရဲစခန်းမှူး၊ ပန်းဘဲတန်းမြို့မ

ပန်းဘဲတန်းမြို့နယ် ရပ်ကွက်  ၁၁ ခုမှာ မဲရုံ ၂၆ ရုံရှိ ပါတယ်။ ကျွန်တော့်တပ်ဖွဲ့ဝင်တွေကို ကြိုတင်မဲမပေးခင် ကြိုတင်ပြီး  လိုက်နာရမယ့် စည်းကမ်းနဲ့   လုံခြုံရေးစည်းကမ်းတွေကို   သင်တန်းပေးထားပါတယ်။  လုံခြုံရေးအတွက်  တိုင်း၊ ခရိုင်၊ မြို့နယ်မှူးတွေနဲ့အတူ တစ်နေ့ကို နှစ်ကြိမ်၊  သုံးကြိမ်လှည့်စစ်ဆေးပါတယ်။ တာဝန်ကျသူတွေကို  ယူနီဖောင်းအပြည့်အစုံ ဝတ်ဖို့၊ တာဝန်ကို မလစ်ဟင်းဖို့၊  ပြည်သူနဲ့ ဆက်ဆံတဲ့အခါမှာ အဆင်ပြေအောင်  ဆက်ဆံဖို့ သင်ကြားပေးထားပါတယ်။  မဲလာပေးတဲ့ အခါမှာလည်း တတ်နိုင်သလောက် မဲရုံအပြင် ဘက်မှာပဲ စောင့်ကြည့်ပြီး မဲလာပေးသူ ပြည်သူ တွေ လမ်းခရီးအဝင်/အထွက်  လမ်းညွှန်ပေး တယ်။ လုံခြုံရေးအရ သံသယရှိရင် တာဝန်ရှိသူ တွေနဲ့ချိတ်ဆက်ဆောင်ရွက်ဖို့ ကြိုတင်ပြင်ဆင် မှုတွေ လုပ်ထားပါတယ်။ မဲလာပေးသူ ပြည်သူ တွေ  စိတ်အနှောင့်အယှက် မဖြစ်စေဖို့၊ ကူညီ ပေးဖို့ မှာကြားထားပါတယ်။  ကိုဗစ်-၁၉  နဲ့   ပတ်သက်ပြီး   ကျွန်တော့်တပ်ဖွဲ့ဝင်တွေကို အကာအကွယ်ပစ္စည်း အပြည့် အဝပေးထား ပါတယ်။ မဲလာပေးတဲ့ ပြည်သူတွေအတွက် လည်း အဝင်ဝမှာ လက်ဆေးရည်ချထားပေး ပါတယ်။ ၂၀၂၀  ရွေးကောက်ပွဲကာလမှာ  ဘာမှ ပြဿနာမဖြစ်ဘဲ ကိုယ်ယုံကြည်ရာကို   မဲပေးပြီး     အောင်အောင်မြင်မြင်     အဆင် ပြေပြေနဲ့  ပြီးဆုံးသွားမယ်လို့    မျှော်လင့်ပါ တယ်။ 

ဦးအောင်ကျော်သိန်း

စေတနာ့ဝန်ထမ်း

ကျောက်တံတားမြို့နယ် မဲရုံအမှတ်  (၂)မှာ  လုံခြုံရေးအပိုင်းကို ဆောင်ရွက်ပေး ပါတယ်။ မဲလာပေးတဲ့သူတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ နေရာချပေးတယ်။  နှာခေါင်းစည်းတွေလည်း   ဝေပေးတယ်။  မျက်နှာကာတွေလည်း ဝေပေးတယ်။ မဲရုံကိုစောင့်ကြည့်ပေးတယ်။ မဲစာရင်းမတွေ့တဲ့ သူတွေကို    ကူညီပြီး ရှာပေးတယ်။ ရပ်ကွက်စေတနာ့ဝန်ထမ်း တစ်ယောက်အနေနဲ့ လိုအပ်တာတွေ ကူညီပေးတယ်။ ယခုလို မဲလာပေးကြတဲ့အတွက် ဝမ်းသာတယ်။ မဲလာပေးတဲ့ဦးရေ  နည်းသွားတာနဲ့    နောက်ထပ်မပေးရသေးတဲ့ လူတွေ     မဲလာပေးဖို့  ဆော်ဩပေးတယ်။ ဒီလိုမျိုး အကူအညီပေးရတဲ့အတွက်လည်း ဝမ်းသာပါတယ်။

မဝင်းပပလှိုင်

ကျွန်မ အသက် ၁၈ နှစ်ပါ။ ပထမဆုံး မဲပေးရတဲ့အတွက် ပျော်ပါတယ်။ ရင်လည်း ခုန်တယ်။ တိုင်းပြည်အတွက် ခေါင်းဆောင် ကောင်းတစ်ယောက်ရဖို့ မဲလာပေးတာပါ။ နိုင်ငံ့အတွက် ကောင်းမွန်တဲ့ ခေါင်းဆောင် ကောင်းနဲ့   အဖွဲ့အစည်းဖြစ်ဖို့ ရည်ရွယ်ပြီး မဲလာပေးတာ။

မဝတ်ရည်ထွန်း

မင်္ဂလာတောင်ညွန့်မြို့နယ် မဲရုံအမှတ် (၂)မှာ ပထမဆုံးအကြိမ် မဲပေးတာပါ။ ကျွန်မတို့ ဘက်ကတော့ တာဝန်ကျေသွားပါပြီ။ နှစ်သက်သဘောကျတဲ့ ပါတီကို   မဲပေးခဲ့ပါတယ်။ မဲထည့်တဲ့နေရာမှာ အမှားအယွင်း မရှိအောင် သေသေချာချာစိစစ်ပြီး ထည့်ခဲ့ပါတယ်။

ဒေါ်ဝင်းနွယ်နီလွင်

အထက်တန်းပြဆရာမ၊ အထက(၃)

ပုဇွန်တောင်

ကျွန်မက ပုဇွန်တောင်မြို့နယ်  အမှတ် (၁၀)ရပ်ကွက်  မဲရုံအမှတ်(၂) မှာ  မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ရပါ တယ်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲကြီး  အောင်မြင်စွာ   ပြီးမြောက်သွားဖို့ အတွက် မဲရုံတာဝန်ယူရတဲ့တစ်ဖွဲ့လုံး စုပေါင်းအင်အားနဲ့ တက်ညီလက်ညီ ကြိုးစားပြီး ဆောင်ရွက်ကြပါတယ်။ ကိုဗစ်- ၁၉   ကာလဖြစ်တဲ့အတွက် Social Distancing နဲ့အညီ မဲရုံစဖွင့်တဲ့ နံနက် ၆ နာရီကစပြီး  တစ်ဦးချင်း   စည်းကမ်းရှိရှိ အောင်မြင်စွာ မဲပေးနိုင်ဖို့  ဆောင်ရွက်ပါတယ်။ မဲရုံမှာ လုံခြုံရေးအပါအဝင်  အယောက် ၂၀ လောက် ရှိပါတယ်။   မှတ်ပုံတင်နံပါတ်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး လွှတ်တော်တစ်ရပ်ချင်းစီကို အောင်မြင်စွာ မဲထည့် နိုင်ဖို့အတွက် စီစဉ် ဆောင်ရွက်ပေးပါတယ်။

ဆန်းထွန်းဦး

ကလျာဏလူငယ်များပရဟိတအသင်း၊

ပုဇွန်တောင်မြို့နယ်

ကျွန်တော်တို့အဖွဲ့က မဲရုံမှာ မဲလာပေးတဲ့ ပြည်သူတွေ ကျန်းမာရေးနဲ့ပတ်သက်လို့ တစ်စုံတစ်ခုများဖြစ်ခဲ့ရင်   အမြန်ဆုံးကူညီပေးနိုင်အောင်   ပုဇွန်တောင်မြို့နယ်    အမှတ်(၁၀) ရပ်ကွက်မှာရှိတဲ့  မဲရုံအမှတ်(၁)နဲ့ အမှတ်(၂)မှာ လူနာတင်ယာဉ်တစ်စီးစီနဲ့ လာစောင့်ပေးပါ တယ်။ မဲရုံတွေမှာ လိုအပ်တဲ့  အကူအညီပေးပါတယ်။ ၂၀၂၀   ပြည့်နှစ်    ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးမှာ မဲရုံတွေ    အားလုံးစည်း စနစ်ရှိရှိ လုပ်ဆောင်ထားတာကို  တွေ့ရပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ ကိုဗစ်ကာလမှာ တောင် ပြည်သူအားလုံး တစ်ခဲနက်မဲပေးနေတာကို  တွေ့နေရပါတယ်။

ဦးဘိုကြီး

အမှတ်(၉)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်

အသက် ၆၀ ကျော်တွေ  ကြိုတင်မဲပေး ပိုင်ခွင့်ရှိပေ မယ့်  ကိုယ်တိုင်ကိုယ်ကျ ဒီနေ့မှ လာရောက်မဲပေးခြင်းဖြစ် ပါတယ်။ ပြည်သူတွေနဲ့အတူ    မဲပေးရတာကို   ပျော်ရွှင်လို့ အသက် ၇၀ ပြည့်တာတောင်  ကြိုတင်မဲ မပေးဘဲ ဒီနေ့ လာပေးတာပါ။  တိုင်းပြည်တိုးတက်ရင် ကျွန်တော်တို့လည်း  တိုးတက်တာပေါ့။

မောင်မင်းခန့်ကို

ကျွန်တော့်အသက်  ၁၈ နှစ်ရှိပါပြီ။  ဒီနှစ်မှာ   ပထမဆုံး မဲပေးရတဲ့အတွက်  ဂုဏ်ယူမိပါတယ်။ ကျွန်တော် ကတော့   နိုင်ငံအတွက် တာဝန်ကျေတယ်လို့ ယူဆပါတယ်။ ကျွန်တော့်  ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့    မဲပေးရတဲ့ အတွက် ကိုယ်ကြိုက်တဲ့အဖွဲ့အစည်းကို မဲပေးခဲ့ပါတယ်။ မဲဆန္ဒရှင်တစ်ယောက်အနေနဲ့    ဂုဏ်ယူမိပါ တယ်။ အခု လက်သန်းလေးမှာ အမှတ်အသားလေးတစ်ခု ရခဲ့ပါပြီ။

တွေ့ဆုံမေးမြန်း - ရီရီမြင့်၊ ဥမ္မာသန့်၊ မြတ်စန္ဒီ ၊ ဓာတ်ပုံ- ရီမြတ်သန့်