ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အမိန့်အမှတ်၊ ၁၀၇/၂၀၂၀
၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၀ ရက်)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 - COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲ အတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများတွေ့ရှိရမှု အချိန်တိုကာလအတွင်း များပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး(ကိုကိုးကျွန်းမြို့နယ်မပါ) တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာလိုက် သည်။
၃။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ(ကိုကိုးကျွန်းမြို့နယ် မပါ)သည် အောက်ပါ စည်းကမ်းချက်များကို လိုက်နာရမည် -
(က) မိမိနေအိမ်တွင်သာနေထိုင်ရန် (အစိုးရဌာနများအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ၁၄-၉-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၂၃၅၄/၂၆၄/COVID-19/ကော်မတီ(၂၀၂၀) ဖြင့် နိုင်ငံ့ဝန်ထမ်းများအား (၂)ပတ်ရုံးတက် (၂)ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်းဆောင်ရွက်စေရေး အကြောင်းကြားချက်အတိုင်း ဆောင်ရွက်ရန်၊ ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သားငါး အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရည်သုံးပစ္စည်း ထုတ်လုပ်သည့် စက်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါ)၊
( ခ ) အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်ရန်၊
( ဂ ) ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန် ထမ်းဆောင်မည့်သူများအား ၂၄-၉-၂၀၂၀ ရက်မှ ၇-၁၀-၂၀၂၀ ရက်အထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုရန်၊
(ဃ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊
( င ) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊
( စ ) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/ နှာခေါင်းစည်း (mask) တပ်ရန်၊
(ဆ) တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့် ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊
( ဇ ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ ဆေးခန်း သွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်။
၄။ အပိုဒ် ၃ အပိုဒ်ခွဲ(ဃ)၊ (င) နှင့် (ဇ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊ အခြား အရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက်ခွင့်မပြုရန် ဖြစ်သည်။
၅။ ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည် ဖြစ်သည်။
၆။ ဤအမိန့်သည် ၂၁-၉-၂၀၂၀ ရက်၊ နံနက် ၈ နာရီအချိန်မှ စတင်သက်ရောက်သည်။
၇။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ၁-၉-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ်၊ ၁၀၀/၂၀၂၀ နှင့် ၉-၉-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ်၊ ၁၀၂/၂၀၂၀ တို့ကို ဤအမိန့်ဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။
ဒေါက်တာမြင့်ထွေး
ပြည်ထောင်စုဝန်ကြီး