နေပြည်တော် ၁၂ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများ ပိုမိုများပြားလာသည့်အတွက် ပိုးတွေ့ လူနာများနှင့် ထိတွေ့သူများ ထားရှိရန် Quarantine Center များကို အားကစားကွင်းနှင့် အားကစားရုံနေရာများတွင် တိုးချဲ့ဆောင်ရွက်ရန် ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးထံမှ သိရသည်။
ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ရိုးမအိမ်ရာ အဆောက်အဦများတွင် ရောဂါလက္ခဏာမရှိသူနှင့် COVID-19 စောင့်ကြည့်လူနာများ ထားရှိရန်အပြင် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများအတွက် လုပ်ငန်းဆောင်ရွက်ရန်နေရာ work station နှင့် နေထိုင်ရန် နေရာတို့ပါ ထည့်သွင်း စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
ထို့အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံဘောလုံးအကယ်ဒမီနေရာတွင် ယာယီဆေးရုံ hospital tent များပြုလုပ်လျက်ရှိပြီး လူနာ(၂၀၀)မှ (၄၀၀)ထိ ထားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။