ရန်ကုန် မတ်လ ၁၄

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်နည်းတူ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (၇၅) နှစ်မြောက် အခါ သမယဖြစ်သဖြင့် လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိရာ “ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးများနှင့် စပ်လျဉ်းသည့် အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ” ကို ရန်ကုန်မြို့ရှိ Lotte Hotel ၌ ယနေ့၊ နံနက်၉ နာရီ ကျင်းပသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြမည့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က မိတ်ဆက်စကားပြောကြားသည်။ 

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်းနှင့် သက်ဆိုင်သော မှတ်တမ်း Video များ ပြသ၍ ကြေညာစာတမ်းအား ဆွေးနွေးမိတ်ဆက်ခဲ့ပြီး ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးများနှင့် စပ်လျဉ်း၍ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးနှင့် ညွှန်ကြား‌ရေးမှူး ဦးအာကာဟိန်းစိုးတို့က ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာအပေါ် အနှစ်ချုပ် ပြန်လည်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အရာရှိများက သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ကြသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ယခုကဲ့သို့သော အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များအတွင်း  လူ့အခွင့်အရေး အသိပညာ တိုးပွားလာခြင်းနှင့်အတူ  ပြည်သူများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေစိုးမိုးရေးနှင့် ဖွံဖြိုးရေး လုပ်ငန်းစဉ်များတွင် လူ့အခွင့်အရေး အခြေခံဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

သတင်းစဉ်