ရန်ကုန်  ၁၂  ဇွန်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီက ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်း(လျာထားချက်)နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီမှ ငွေကြေးဆိုင်ရာ စိစစ်တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

 

11

 

အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ ရသုံးခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်)နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ဥပဒေရေးရာ လေ့လာသုံးသပ်ရေးအဖွဲ့မှ အင်ဂျင်နီယာပညာရှင်များ၊ ဘဏ္ဍာငွေ တောင်းခံထားသည့် ဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်၍ စိစစ်ခဲ့ပြီး ငွေကြေးဆိုင်ရာ စိစစ်လေ့လာတွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက် အစီအရင်ခံစာကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၉၄ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄၀ တို့နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြထားရှိမှုနှင့် ပတ်သက်၍ ဖတ်ကြားတင်ပြခဲ့သည်။

 

33

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေရသုံး ခန့်မှန်းခြေငွေစာရင်း (လျာထားချက်) အနေဖြင့် အခွန်အကောက်ရငွေ ကျပ်သန်းပေါင်း (၆၉၉၉၃ ဒသမ ၃၄၁)၊ အခြားသာမန်ရငွေ ကျပ်သန်းပေါင်း(၅၀၈၈၈၀.၂၇၅)၊ ငွေလုံးငွေရင်းရငွေ ကျပ်သန်းပေါင်း (၃၂၂၈၅ ဒသမ ၃၈၈)၊ ကြွေးမြီရငွေ ကျပ်သန်းပေါင်း (၁၆၀၈၈၈ ဒသမ ၈၆၄) စုစုပေါင်း ရငွေ ကျပ်သန်းပေါင်း (၇၇၂၀၄၇ ဒသမ ၈၆၈) ဖြစ်ပါကြောင်း၊ သုံးငွေအနေဖြင့် သာမန်အသုံးစရိတ် ကျပ်သန်းပေါင်း (၂၀၃၁၂၁ ဒသမ ၄၂၉)၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်းပေါင်း (၅၆၈၉၂၆ ဒသမ ၄၃၉)  စုစုပေါင်းသုံးငွေ ကျပ်သန်းပေါင်း (၇၇၂၀၄၇ ဒသမ ၈၆၈) ဖြစ်ပါကြောင်း ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ ရသုံးခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်)ကို စိစစ်သုံးသပ်ရာတွင် ယခင်ဘဏ္ဍာရေးနှစ်များထက် ပိုမိုသုံးစွဲနိုင်ခွင့်ရရှိကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။

 

44

 

ထို့အတူ ဘတ်ဂျက်ရေးဆွဲ တင်ပြရာတွင် participatoy Budget စနစ်ဖြင့် ရေးဆွဲခဲ့သည်မှာ (၂)ကြိမ် ရှိပြီးဖြစ်ကြောင်း၊ ယင်းစနစ်အရ ပြည်သူလိုအပ်ချက်များကို အနီးစပ်ဆုံး ထည့်သွင်းပေးနိုင်သည့် အားသာချက် ဖြစ်ပေါ်ခဲ့ပါကြောင်း၊ မြို့နယ် အလိုက်နှင့် ဌာနအလိုက် အများဆုံးရရှိနိုင်သည့် ဘတ်ဂျက်ပမဏကို သတ်မှတ်ပေးခဲ့ခြင်း မရှိသဖြင့် ရေးဆွဲသောဘတ်ဂျက်၏ စုစုပေါင်း ပမာဏအသီးသီးမှာ ဖြစ်နိုင်သည်ထက် ကျော်လွန်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနသို့ တင်ပြလာသော ဘတ်ဂျက်စုစုပေါင်း ပမာဏမှာ (၉၀၅၇၇၉ ဒသမ ၂၀၁) ကျပ်သန်းမျှရှိခဲ့ရာ ယခုနောက်ဆုံး သုံးစွဲခွင့်ရရှိသော ဘတ်ဂျက်မှာ (၇၇၂၀၄၇ ဒသမ ၈၆၈) ကျပ်သန်းဖြစ်သည့် အတွက် (၁၃၃) ဘီလီယံကျော်ခန့် ပိုမို တောင်းခံခဲ့ကြောင်း တွေ့ရှိပါကြောင်း၊ ယင်းပမာဏကို ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနက စိစစ်ဖြတ်တောက်ပြီး ကော်မတီသို့ ရောက်ရှိလာသည့် ဘတ်ဂျက်တောင်းခံငွေ စုစုပေါင်းမှာ (၈၂၆၅၄၄ ဒသမ ၈၅၃)ကျပ်သန်း ဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် ဌာနများနှင့် တွေ့ဆုံညှိနှိုင်း စိစစ်ဖြတ်တောက်ငွေများ ပြုလုပ်နိုင်ခဲ့ပြီး ပြန်လည်အသုံးချနိုင်ရေး ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နေဆဲကာလ၌ လွှတ်တော်သို့ ဘတ်ဂျက်တင်ပြရန် နှစ်ပတ်ခန့်အလိုတွင် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသို့ (၁၅)ဘီလီယံ၊ ကျေးလက်လမ်း ဦးစီးဌာနအတွက် (၈၁)ဘီလီယံ ဘဏ္ဍာငွေသုံးစွဲခွင့် တိုးမြှင့်ပေးခြင်းနှင့် ထိုသို့ တိုးမြှင့်နိုင်ရေးအတွက် လမ်းဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့၏ ဘတ်ဂျက်များကို ပြန်လည်ဖြတ်တောက်ခဲ့သည့်အတွက် ကော်မတီနှင့် ဌာနဆိုင်ရာများအနေဖြင့် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးထားသည့် လုပ်ငန်းများမှာ အဟောသိကံ ဖြစ်ခဲ့ပါကြောင်း၊ ကော်မတီအနေဖြင့် ရရှိသော အခြေအနေတွင် အခွင့်အရေးရနိုင်သလောက် စိစစ်ဖြတ်တောက်ပြီး (၃၁၃၄ ဒသမ ၈၉၈) ကျပ်သန်းအား ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှတဆင့် အစိုးရက ပြန်လည်ခွဲဝေသုံးစွဲနိုင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီ၏ သဘောထား မှတ်ချက်ကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်း (လျာထားချက်)နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၂၀)တို့က အသီးသီးဆွေးနွေးခဲ့ကြသည်။

ယနေ့ အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၁၂၂)ဦး အနက် ၁၁၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)