နေပြည်တော် ဇန်နဝါရီ  ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ နွယ်ခွေပင်မသိုလှောင်ရေးစခန်းအား ငှားရမ်းလုပ်ကိုင်လျက်ရှိကြသည့် ကောင်းကင် ကုမ္ပဏီ၊ ဂုဏ်ဟိန်းသစ်ကုမ္ပဏီ၊ ဆဌဂံကုမ္ပဏီ၊ Farm Power Co.,Ltd၊ Golden Key Co.,Ltd များ၏ မူလသတ်မှတ်ထားသည့် ပစ္စည်းများ သိုလှောင်ထားခြင်း ရှိ မရှိ ၊ မူလရည်ရွယ်ချက်ပါ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး ထိမ်းသိမ်းပြုပြင် သင့်သည်များကို ပြန်လည်ပြုပြင် ထိမ်းသိမ်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် မင်္ဂလာဒုံမြို့နယ်၊ လှော်ကား ငါးလုပ်ငန်းစခန်း တွင်ဆောင်ရွက်လျက် ရှိသည့် ပြည်တွင်းပြည်ပ ငါးမျိုးသစ်များ စမ်းသပ်သားဖောက်ခြင်း၊ ရှားပါးလာသည့် တိုင်းရင်းငါးမျိုးစိတ်များ ဖော်ထုတ်သုတေသနပြုခြင်း၊ ငါးသားဖောက်ခြင်း နှင့် မွေးမြူရေး နည်းစနစ်များ ပညာပေးဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက နှစ်စဉ်ငါးသားပေါက်ထုတ်လုပ်မှု လျာထားချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ကြရန်၊  ငါးဆေးထိုးသားဖောက် စာတွေ့လက်တွေ့သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး၊  သားငါးရိက္ခာဖူလုံပိုလျှံရေးနှင့် ရှားပါလာသော ဒေသငါးမျိုးစိတ် များ ထိန်းသိမ်းရေး၊ သဘာဝရေပြင်တွင် ငါးသားပေါက်များ စိုက်ထည့်ပေးရေးနှင့် စီးပွား ဖြစ် မွေးမြူထုတ်လုပ်နိုင်ရေးစသည့် ငါးသယံဇာတများ ရေရှည်ထုတ်ယူ သုံးစွဲနိုင်ရေး အတွက် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးနေမှုအပေါ် အလေးထား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ယင်းနောက်ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်း ဦးစီးဌာနပိုင် မြေနေရာအား ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် First Gloden Dragon Construction Co.,Ltd ၏ စီမံကိန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ၊ ငါးစက်လှေဆိပ်ကမ်း တည်ဆောက်မည့် ဆိပ်ကမ်းနှင့် ကားလမ်းဖောက် လုပ်မည့်နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် မရမ်းကုန်းမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းအဆင့် စိုက်ပျိုးမွေးမြူရေး တာဝန်ခံများနှင့်တွေ့ဆုံ၍ ဒေသဝမ်းစာဖူလုံပိုလျှံရေး ၊ မိုးစပါး နွေစပါးနှင့် ပဲမျိုးစုံ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင် အထွက်နှုန်းရရှိရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအပြင် နိုင်ငံတကာတွင် လက်ရှိကြုံတွေ့နေရသည့် စားသုံးဆီ လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး မျှော်မှန်းဆောင်ရွက်ရန်၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ နေကြာ၊ နှမ်းနှင့်ဆောင်းမြေပဲ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များကို  ညှိနိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်