ရန်ကုန် ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအပန်းပြေပျော်ရွှင်စေရန်နှင့် ၂၀၂၅ ခုနှစ် နှစ်သစ်ကို သာယာပျော်ရွှင် ချမ်းမြေ့စွာ ကြိုဆိုနိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကြီးမှူးကျင်းပသည့် 2025 New Year Countdown Festival ကို ပြည်သူ့ရင်ပြင်တွင် ယနေ့ညနေပိုင်းတွင်ကျင်းပရာ ပွဲတော်လာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး 2025 Yangon New Year Countdown ပွဲတော်ကို ဒီဇင်ဘာ ၃၁ ရက် မွန်းတည့် ၁၂ နာရီမှ စတင်၍ကျင်းပရာ ပွဲတော်တွင် နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ် တေးသံရှင်များစွာတို့က ဖျော်ဖြေတင်ဆက်ကြပြီး မီးရှူးမီးပန်း ပစ်ဖောက်ခြင်း၊ စတုဒိတာများ ကျွေးမွေးလှူဒါန်းခြင်းတို့ဖြင့် အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ထို့ပြင် လာရောက်လည်ပတ်ကြသူများ စားရေးသောက်ရေးအဆင်ပြေစွာ ဝယ်ယူ စားသောက်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်များ အပါအဝင် ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ဖွင့်လှစ် ရောင်းချပေးလျက်ရှိရာ ဝယ်ယူစားသောက်ကြသူများဖြင့် စည်ကားလျက်ရှိပြီး ပျော်ရွှင်မှုများနှင့်အတူ သန့်ရှင်းစွာ စည်းကမ်းရှိသည့် ပွဲတော်ဖြစ်စေရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်ရန် အမှိုက်ပုံးများအပြင် Mobile Toilet များ ထားရှိဆောင်ရွက်ခဲ့သည်။
ထို့ပြင် Countdown ရေတွက်သည့် အစီအစဉ်အပါအဝင် ဂီတဖျော်ဖြေရေး အစီအစဉ်များကို မွန်းတည့် ၁၂ နာရီမှ စတင်၍ ည ၁၂ နာရီကျော်အထိ သီဆို ကပြဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ပြီး ဝင်ကြေးကို အခမဲ့သတ်မှတ်ထားကာ ပွဲတော်သို့ လာရောက်ရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် YBS မော်တော် ယာဉ်များဖြင့် အခမဲ့ပို့ဆောင်ပေးထား သဖြင့် လာရောက်လည်ပတ်သူများ စိတ်ချမ်းမြေ့စွာဖြင့် အထူးစည်းကာစွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
အလားတူ 2025 Yangon New Year Countdown ပွဲတော်ကို ကျိုက္ကစံကွင်းနှင့် လှိုင်သာယာမြို့နယ်တို့တွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


