ရန်ကုန် ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက တိုက်ကြီးမြို့နယ် သရက်ချောင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီမှ နွားမ တစ်ကောင်လျှင် ကျပ်ခြောက် သိန်းနှုန်းဖြင့် သရက်ချောင်း၊ ဇီးဖြူကုန်း၊ အလယ်စု၊ စာဖြူစု၊ စိန်စပ်ကျေးရွာများ၏ ဒေသခံ ပြည်သူ ၅၀ ထံသို့ နွားမအကောင် ၅၀ ပေးအပ်ပွဲသို့ တက်ရောက်ရာ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ တိုးမင်းထွန်းက တိုက်ကြီးခရိုင် အတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် Unit Plan အစီအစဉ်ဖြင့် ကျေးရွာအတွင်းရှိ နွားများအား ခွာနာ လျှာနာရောဂါ ကာကွယ်ဆေးများ ထိုးပေးနေမှုများကို ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူ ၅၀ (ကိုယ်စား) သရက်ချောင်းကျေးရွာ မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာ ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တောင်သူတစ်ဦးတို့ထံ စာချုပ်စာတမ်းများနှင့် နွားအကောင်ရေ ၅၀ အား လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ (ကိုယ်စား) တိုက်ကြီး ခရိုင်အုပ်ချုပ်ရေးမှူးက ကျောင်း သား ကျောင်းသူများအတွက် အားကစားပစ္စည်းများကို ကျောင်းအုပ်ကြီးထံ ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် ဝန်ကြီးချုပ်က ဒေသခံတောင်သူများအား လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အတိုးနှုန်းသက်သာစွာဖြင့် ယခုလို့ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် တောင်သူများအနေဖြင့် တိရစ္ဆာန်များကို ဂရုတစိုက်မွေးမြူ၍ မိမိတို့ ဘဝဖွံ့ဖြိုးတိုးတက်ရေး ကြိုးစား လုပ်ဆောင်ကြရန် ပြောကြားပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ထို့နောက် ဝန်ကြီးချုပ်က ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ဆောင်ရွက်ကြရန်နှင့် ကျောင်းအဝင်လမ်းကို ကွန်ကရစ်လမ်းခင်းပေးရန်အတွက် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ် ဂျိုးဖြူကျေးရွာ တောင်သူ ဦးတင်ရှိန်၏ လယ်မြေ သုံးဧကတွင် တောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစေ့ချကိရိယာ ၄၅ ခုဖြင့် စုပေါင်း၍ နေကြာသီးနှံ မျိုးစေ့ချကွင်း လက်တွေ့စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး ဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ တစ်နိုင်သုံး မျိုးစေ့ချကိရိယာများဖြင့် မိသားစုများ ကိုယ်တိုင် အချိန်ခဏအတွင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးနိုင်ခြင်း၊ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ကူညီဆောင်ရွက်ခြင်းကြောင့် ရာသီအချိန်အခါမီ စိုက်ပျိုးနိုင်ကြောင်း ပြောကြားပြီး တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)