နေပြည်တော်၊ မတ် ၂၆
နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထု အထိတ်အလန့်ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံ သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိရာ အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက် ညပိုင်းတွင် လမ်းမတော်မြို့နယ်၊ ဆေးတက္ကသိုလ် (၁)၊ ဝန်ထမ်းအိမ်ရာ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုပ်ရှင်ရုံများအား အကြမ်းဖက်ဖောက်ခွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိသူ စည်သူရှိန် (၃၈) နှစ်နှင့်အတူ မြတ်မြတ်ခိုင် (၅၇) နှစ်၊ ရဲလွင်ရှိန် (၃၁) နှစ်၊ သက်အောင်ရှိန် (၂၉) နှစ်၊ မင်းချမ်းမွန် (၂၀) နှစ်တို့အား လက်လုပ် မိုင်း ၃ လုံး၊ လက်ကိုင်ဖုန်း ၆ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ စည်သူရှိန်၏ ထွက်ဆိုချက်အရ မတ်လ ၂၄ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာကျေးရွာ၌ တရားခံ သန့်ဇင် (ခ) သန့်ဇင်ဦး (၃၆) နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ ရွှေနံ့သာကျေးရွာ၊ ချင်းတွင်းလမ်းရှိ နေအိမ်၌ ကွင်းဆက်တရားခံ နုနု (ခ) ခင်ဖုန်းဝင့် (၄၁) နှစ်အား လက်လုပ်မိုင်း တစ်လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ စည်သူရှိန်နှင့် နုနု (ခ) ခင်ဖုန်းဝင့် တို့၏ ထွက်ဆိုချက်များ အရ မတ်လ ၂၄ ရက် ညနေပိုင်းတွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၌ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများစေခိုင်းသူ သူရထွန်း (ခ) ဖိုးသောကြာ (၃၇) နှစ်အား AK-47 တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၎င်းကျည် လေးတောင့်၊ မှန်ပြောင်း တစ်ခုတို့နှင့် လည်းကောင်း၊ တောင်ကြီးမြို့နယ်၊ ညိုမီးကျေးရွာ၌ ဆက်စပ်တရားခံ နန်းဝေယဉ် (၃၇) နှစ်အားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံ သူရထွန်း(ခ)ဖိုးသောကြာ၏ ထွက်ဆိုချက်အရ မတ်လ ၂၅ ရက် နံနက်ပိုင်းတွင် ဒဏ္ခိဏသီရိမြို့နယ်၌ ကွင်းဆက်တရားခံ ပြည့်ပြည့်ဖြိုး (ခ) ပြည့်ပြည့် (၄၃) နှစ်အား ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မတ်လ ၂၅ ရက် နေ့လည်ပိုင်းတွင် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်၊ (၃၅/၃၆) လမ်းကြားနှင့် (၇၈/၇၉) လမ်းကြား၌ ကွင်းဆက်တရားခံ ဖုန်းမြင့်ဟိန်း (ခ) တရုတ်ကြီး (၃၂) နှစ် အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး လေးဦး ပေါင်း ၁၁ ဦး တို့အား AK-47 တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၎င်းကျည် လေးတောင့်၊ မှန်ပြောင်း တစ်ခု၊ လက်လုပ်မိုင်း လေးလုံး၊ လက်ကိုင်ဖုန်း ခြောက်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ နုနု (ခ) ခင်ဖုန်းဝင့်၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၁ ခုနှစ်၊ မေလမှ ဩဂုတ်လထိ KIA ဗဟိုဌာနချုပ်၊ လိုင်ဇာ၌ ဖွင့်လှစ်ခဲ့သည့် အကြမ်းဖက် ဖောက်ခွဲရေး သင်တန်းအား တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ သိမ်းဆည်းရမိသော လက်နက်/ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများမှာ ဖမ်းဆီးရန်ကျန်တရားခံ တောင်ကြီး PDF အကြမ်းဖက်အဖွဲ့ဝင် ဇီဇီး မှ အကြမ်းဖက်လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်တွင် သူရထွန်း (ခ) ဖိုးသောကြာအား AK-47 တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၎င်းကျည် လေးတောင့်၊ မှန်ပြောင်း တစ်ခုတို့အား လည်းကောင်း၊ စည်သူရှိန်သည် သူရထွန်း (ခ) ဖိုးသောကြာ၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်းရှိ ရုပ်ရှင်ရုံများအား ဖောက်ခွဲဖျက်ဆီးရန်အတွက် မတ်လ ၂၃ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂) လမ်းမကြီးရှိ ဆီဆိုင်အနီး၌ ဖမ်းဆီးရန်ကျန်တရားခံ အောင်သိုက်ထံမှ လက်လုပ်မိုင်းသုံး လုံးအားလည်းကောင်း ရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံ နုနု (ခ) ခင်ဖုန်းဝင့်၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၃ ရက်တွင် ပျဉ်းမနားမြို့နယ်၊ ဦးမင်းဒင်ကျေးရွာ၌ ထွန်းလှိုင်ဦးအား ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တွင် သိမ်းဆည်းရမိသော ဖောက်ခွဲရေးပစ္စည်းများမှာ နေပြည်တော် PDF အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် ကျောက်ခဲ (ခ) အောင်မိုးတို့နှင့် ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံ နုနု (ခ) ခင်ဖုန်းဝင့်၏ ထွက်ဆိုချက်အရ အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအနေဖြင့် ၎င်းသည် အကြမ်းဖက်သင်တန်း တက်ရောက်စဉ် ရင်းနှီးခဲ့သည့် ဖမ်းဆီးရန်ကျန် NLD ပါတီမှ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကျော်စိုးလင်း၏ စေခိုင်းမှုဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်တွင် နေပြည်တော် PDF အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံ စိုင်းဝင်းနိုင်ဦးနှင့် ချိတ်ဆက်၍ ရဲလေး (ခ) ဘိုဘိုလေး၊ ကျောက်ခဲ (ခ) အောင်မိုး တို့နှင့်ပူပေါင်းကာ ဇဗ္ဗူသီရိမြို့နယ်၊ အမှတ် (၃) နယ်မြေရဲစခန်းအား လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံစည်သူရှိန်နှင့် နန်းဝေယဉ်တို့သည် တရားခံ သူရထွန်း (ခ) ဖိုးသောကြာ၏ စေခိုင်းမှုဖြင့် မတ်လ ၁ ရက်တွင် နမ့်ဆန်မြို့သို့သွားရောက်၍ လေယာဉ်ဆီတင် ကားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေများအား စောင့်ကြည့်၍ သတင်းပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖုန်းမြင့်ဟိန်း (ခ) တရုတ်ကြီး၏ စေခိုင်းမှုဖြင့် သူရထွန်း (ခ) ဖိုးသောကြာသည် မတ်လ ၂၂ ရက်တွင် စည်သူရှိန်နှင့် သက်အောင်ရှိန်တို့အား ရုပ်ရှင်ရုံများ၊ ဟိုတယ်များအား အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်ရန် အခြေအနေသွားရောက် ကြည့်ရှု့ခိုင်းခဲ့ကြောင်းနှင့် မတ်လ ၂၇ ရက်မတိုင်မီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မင်္ဂလာဂါးဒင်းဟိုတယ်၊ သမ္မတရုပ်ရှင်ရုံနှင့် သွင်ရုပ်ရှင်ရုံ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝင်းလိုက်ရုပ်ရှင်ရုံတို့အား တစ်ပြိုင်နက်ထဲ ဖောက်ခွဲမှုပြုလုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ထို့ပြင် ဖမ်းဆီးရမိတရားခံ နုနု (ခ) ခင်ဖုန်းဝင့်နှင့် သန့်ဇင် (ခ) သန့်ဇင်ဦးတို့၏ ထွက်ဆိုချက်များအရ နေပြည်တော် PDF အကြမ်းဖက်အဖွဲ့မှ စိုင်းဝင်းနိုင်ဦးသည် နုနု (ခ) ခင်ဖုန်းဝင့်နှင့် ချိတ်ဆက်၍ ဖောက်ခွဲရေးအဖွဲ့များ ဖွဲ့စည်းကာ မတ်လ ၂၇ ရက် မတိုင်မီ ဇမ္ဗူသီရိမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၊ သီရိ(၅)မြို့နယ် အခွန်ဦးစီးမှူးရုံး၊ ဒက္ခိဏခရိုင်တရားရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ယာဉ်ရပ်နားကွင်း၊ ပညာရေးဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ အဆင့်မြင့်ဈေးအနီးရှိ မြဝတီဘဏ်ရုံးချုပ်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ကညနရုံးတို့အား ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း ဖော်ထုတ် သိရှိရသည်။
အထက်ပါ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများအား နုနု (ခ) ခင်ဖုန်းဝင့်နှင့် စည်သူရှိန်တို့မှ ငွေကြေးရယူလိုမှုဖြင့် ဆောင်ရွက်ရန်ဖြစ်ပြီး ၎င်းတို့အား နောက်ကွယ်မှ အဓိကစေခိုင်းလျက်ရှိသော တရားခံများမှာ ဖုန်းမြင့်ဟိန်း (ခ) တရုတ်ကြီးနှင့် ဖမ်းဆီးရန်ကျန် NLD ပါတီမှ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကျော်စိုးလင်းတို့ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ ဖုန်းမြင့်ဟိန်း (ခ) တရုတ်ကြီးနှင့် NLD ပါတီမှ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကျော်စိုးလင်းတို့အနေဖြင့် အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေခိုင်းရခြင်းမှာ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းလာသည့်အပြင် ကျောင်းသား/ကျောင်းသူများ စာသင်ကြားမှု ကာလပြီးမြောက်သဖြင့် ပြည်သူလူထု စိတ်လက်အပန်းဖြေအနားယူ နိုင်စေရေး ရုပ်ရှင်ရုံများအား နှစ်ဆန်းတစ်ရက်နေ့တွင် ဖွင့်လှစ်နိုင်ရေး ရည်ရွယ်ဆောင်ရွက်နေမှုအား ပျက်စီးစေရန်အတွက် ရုပ်ရှင်ရုံများနှင့် ဟိုတယ်များအား ဖောက်ခွဲ ဖျက်ဆီးခြင်းဖြင့် ပြည်သူလူထု ထိခိုက်ဒဏ်ရာရရှိ၍ အထိတ်တလန့်ဖြစ်ကာ နိုင်ငံတည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် ယုတ်မာသော အကြံအစည်ဖြင့် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိ ရှိရသည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားပါသည်။
သတင်းစဉ်