ရန်ကုန် မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၇၃ ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်နှင့် ရူပဗေဒ ဘာသာရပ်တို့တွင် ယနေ့ နံနက် (၉)နာရီက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်း ပျော်ရွှင်စွာဖြင့် ဖြေဆိုခဲ့ကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်နေ့တွင် ကျောင်းသား၊ ကျောင်းသူ ၁၈၀၅၆ ဦး၊ အင်္ဂလိပ်စာ ဘာသာရပ်နေ့တွင် ၁၈၀၄၅ ဦး၊ သင်္ချာဘာသာနေ့တွင် ၁၈၀၄၄ ဦး၊ ပထဝီဝင်နှင့် ဓာတုဗေဒ ဘာသာရပ်နေ့၌ ကျောင်းသား၊ ကျောင်းသူ ၁၈၀၃၄ ဦးနှင့် ယနေ့ သမိုင်းဘာသာရပ်နှင့် ရူပဗေဒ ဘာသာရပ်တို့တွင် ၁၈၀၂၉ ဦး ဖြေဆိုခဲ့ကြသည်။
ယနေ့ ဘာသာရပ်နှစ်မျိုး ဖြေဆိုသောနေ့တွင် သမိုင်းဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ ၁၀၂၉ ဦးဖြေဆိုခဲ့ပြီး ကြည့်မြင်တိုင်မြို့နယ် အမှတ်(၁)အထက်တန်းကျောင်း စာစစ်ဌာန၌ အမြင်အာရုံ မသန်စွမ်းသူ သုံးဦးနှင့် အင်းစိန်အကျဉ်းဦးစီးရှိ အမှတ်(၁၃) အလယ်တန်းကျောင်း စာစစ်ဌာန၌ အကျဉ်းသား ခုနှစ်ဦး သမိုင်းဘာသာရပ်ကို ဖြေဆိုခဲ့ကြ သည်။ ရူပဗေဒဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၇၀၀၀ ဖြေဆိုခဲ့ကြပြီး အမြင်အာရုံမသန်စွမ်းသူ သုံးဦး၊ ကိုယ်အင်္ဂါမသန်စွမ်းသူ နှစ်ဦးနှင့် ကမာရွတ်မြို့နယ်၊ တာမွေမြို့နယ်၊ သာကေတမြို့နယ်နှင့် ခရမ်းမြို့နယ်တို့မှ လေးဦးတို့သည် ဆေးရုံများမှ ဖြေဆိုခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၇၃ ခုတွင် သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်တို့အား ဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၁၈၀၂၉ ဦးတို့သည် ယနေ့တွင်လည်း ဘာသာရပ်များကို စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် ဖြေဆိုခဲ့ကြသည်။ ၂၀၂၄ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲသည် Grade 12 သင်ရိုးသစ်၊ စနစ်သစ်ဖြင့် ဖြေဆိုရခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာ ဘာသာရပ်မျာနှင့် မေးခွန်းပုံစံများကို သိရှိနားလည်စေရန် ဆရာ၊ ဆရာမများအား သင်တန်းများ ပို့ချပေးခဲ့သည့်နည်းတူ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဌာနတို့မှ ထုတ်ဝေသည့် Grade 12 သင်ရိုးသစ် နှင့်ပတ်သက်သည့် ဘာသာရပ်အလိုက် မေးခွန်းပုံစံများကိုလည်း ကျောင်းများ၌ လေ့ကျင့် သင်ကြားပေးခဲ့ရာ နွေရာသီကျောင်းပိတ်ရက်တွင်လည်း သင်ရိုးသစ်ဘာသာရပ်များနှင့် စပ်လျဉ်း၍ ဆရာ၊ ဆရာမများအား မွန်းမံသင်တန်းများအဖြစ် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - မောင်သီဟ
- ညိမ်းသူ( သတင်းစဉ်)