ရန်ကုန် ၃၁ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြစ်၊ ချောင်းများ၊ ရေငန်စပ်များနှင့် စပါးခင်းများတွင် ငါးသားပေါက်နှင့် ဂဏန်းမျိုးစိတ်များကို မိုးရာသီတွင် ဆက်လက်စိုက်ထည့်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ငါးလုပ်ငန်းဦးစီးဌာနမှ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မိုးရာသီသုံးလဖြစ်သည့် မေလမှဇူလိုင်လထိ ပင်လယ်ကမ်းနီး၊ ကမ်းဝေးနှင့် ရေချိုဒေသမြစ်၊ ချောင်းများ၌ ငါးမဖမ်းရနေရာနှင့် သတ်မှတ်ကာလများတွင် ဖမ်းဆီးခြင်းမပြုရန် အသိပေးနှိုးဆော်ထားသည်။ သြဂုတ်လ(၁)ရက်တွင် ငါးဖမ်းဆီးခြင်းတားမြစ်ထားမှု သတ်မှတ်ကာလပြီးဆုံးပြီဖြစ်၍ အင်းများပြုပြင်ခြင်း၊ သားပေါက်များစိုက်ထည့်ခြင်းနှင့် မွေးမြူထားသောကန်များဖော်၍ ဈေးကွက်အတွင်းတင်ပို့ခြင်းတို့ဖြင့် အင်းတောင်သူများ လုပ်ငန်းစတင်မည်ဖြစ်သည်။
ဇူလိုင်လ ဒုတိယပတ်က ကုက္ကိုလ်ဝမြစ်အတွင်း ငါးသားပေါက်သိန်းရာချီ၍ စိုက်ထည့်ခဲ့ပြီး ဇူလိုင်(၂၇)ရက်နေ့ကလည်း သန်လျင်မြို့နယ် ကျောက်တန်းဒီရေတောအတွင်း ရေငန်စပ်တွင် ဂဏန်းမျိုးစိတ်များကို စိုက်ထည့်ခဲ့ကာ သြဂုတ်လအတွင်း ရန်ကုန်မြစ်အတွင်းနှင့် တွံတေးတူးမြောင်းအတွင်းသို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များကို စိုက်ထည့်သွားမည်ဖြစ်ကြောင်း သိရသည်။
သား၊ ငါးကဏ္ဍ ဖူလုံရေးအတွက် ရေချို၊ ရေငန်ရေထွက်ပစ္စည်းများ စဉ်ဆက်မပြတ် မျိုးပွားရှင်သန်ရန် လိုအပ်သောကြောင့် ယခုလို မိုးရာသီ၌ ငါးမျိုးပွားချိန်တွင် ငါးဖမ်းဆီးခြင်းမပြုရန် တားမြစ်ခြင်းဖြစ်ပြီး မြစ်၊ ချောင်းများအတွင်း ငါးမျိုးစိပ်များကို စိုက်ထည်ခြင်းဖြစ်ရာ သြဂုတ်လ၌ စပါးခင်းများအတွင်း၌လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငါးမျိုးစိတ်များကိုစိုက် ထည်သွားမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှဝင်းက “သြဂုတ်လဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စပါးခင်းတွေမှာ ငါးမျိုးစိတ်တွေ စိုက်ထည့်ဖို့ရှိပါတယ်။ ရန်ကုန်မှာလည်း အတူတူပါပဲ။ ဆည်တွေနဲ့ သဘာဝရေပြင်၊ ကန်တွေ၊ အင်းတွေထဲမှာ ငါးမျိုးစိုက်ထည့်မှာပါ။ သဘာဝရေပြင်မှာ ငါးမြစ်ချင်း၊ ငါးပြေမ၊ ငါးခူ၊ ငါးကျီးစတဲ့ ငါးတွေစိုက်ထည့်မယ်။ စပါးခင်းမှာက (၄)လစပါးတွေဖြစ်တဲ့အတွက် ရွှေဝါငါးကြင်းနဲ့ ငါးခုံးမကိုစိုက်ထည့်ပါ့တယ်။ တစ်ဧကကို ကောင်ရေ(၅၀ဝ)ထည့်ပေးမှာပါ။ အကြောင်းကြားတဲ့စပါးခင်းကို နှစ်စဉ်ထည့်ပေးပြီးတော့ စပါးဖော်ချိန်မှာလည်း ငါးလည်းဖော်လို့ရတာကြောင့် စပါးနဲ့ငါးဝင်ငွေ နှစ်မျိုးရရှိစေပါတယ်”ဟု ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ရင့်လေးလစပါးခင်းများတွင် တစ်ဧကငါးသားပေါက် ကောင်ရေ(၅၀ဝ) စိုက်ထည်ရာ၌ ကောင်ရေ(၃၀ဝ)ရှင်သန်နိုင်ပြီး အချိန်(၃)ထောင်ရရှိနိုင်သောကြောင့် တောင်သူတို့အတွက် ဝင်ငွေနှစ်ရပ်ကိုရရှိနိုင်ရန် နိုင်ငံတော်မှဆောင်ရွက်မှုအပေါ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မိုးရာသီတွင် အခမဲ့ စိုက်ထည့်ဆောင်ရွက်လျက်ရှိသည်။
ယခုနှစ်သြဂုတ်လတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငါးမွေးတောင်သူများကို အင်းနှင့်ငါးကန်များ ရေကြီးနစ်မြုပ်မှုကာကွယ်ရန် ကြိုတင်အသိပေးနိုးဆော်ထားပြီး နေ့စဉ်ထုတ်လုပ်စားသုံးမှုကို ပြန်လည်ဖြည့်တင်းရန်အတွက် တိုင်းဒေသကြီးအတွင်းရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင်များနှင့် စပါးခင်းတို့၌ ငါးမျိုးစိတ်များကို ဆက်လက်စိုက်ထည့်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
သန်းထိုက်၊ ဓာတ်ပုံ -သန်းစိုး


