ရန်ကုန် မတ် ၃

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းသည် တာဝန်ရှိသူများနှင့်အတူ မတ် ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်သော တိုင်းဒေသကြီးရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအတွက် ဒုတိယအကြိမ် စာအုပ်စာစောင်များ လှူဒါန်းပွဲသို့ တက်ရောက်အားပေးခဲ့သည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက် ကော်မတီဝင်များ တက်ရောက်ကြသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားပြီး ဆက်လက်၍ တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဟိန်းလတ်က တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဝန်ကြီးချုပ်က ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ စာကြည့်တိုက်များအတွက် ငွေကျပ် သိန်း ၂ဝ တန်ဖိုးရှိ စာအုပ် ၄၄၉ အုပ်ကို တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေအား လည်းကောင်း၊ အကျဉ်းဦးစီးဌာနရှိ စာကြည့်တိုက်အတွက် ငွေကျပ် ၁၁၈၅၂၀၀ တန်ဖိုးရှိ စာအုပ် ၅၂၂ အုပ်ကို တာဝန်ရှိသူတစ်ဦးအား လည်းကောင်း၊ တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒု တိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တိုင်းဒေသကြီးရှိ ခရိုင် ၁၄ ခရိုင်မှ စာကြည့်တိုက် ၁၂ဝ အတွက် ငွေကျပ် သိန်း ၅၅ဝ တန်ဖိုးရှိ စာအုပ် ၁၄,၀၄၀ အုပ်ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်တာဝန်ခံများကို ပေးအပ်ကြသည်။

 

ထို့နောက် ဝန်ကြီးချုပ်က ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ပေးအပ်သော ၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းစွမ်းဆောင်ရည် ထူးချွန်ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ကိုယ်စား) ညွှန်ကြားရေးမှူး  ဦးဆန်းဝင်းအား ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်သည်။ ဆက်လက်၍ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များကိုယ်စား အင်းစိန်မြို့နယ် အမြင်သစ်စာကြည့်တိုက် ကော်မတီဝင် ဦးညွန့်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီး ဝန်ကြီးများက အခမ်းအနား တက်ရောက်လာသူများကို တွေ့ဆုံနှုတ်ဆက်၍ လှူဒါန်းပေးအပ်မည့် စာအုပ်၊ စာစောင်များ ခင်းကျင်းပြသထားရှိမှုကို လှည်လည်ကြည့်ရှုခဲ့သည်။

 

အောင်မြင့်(ပြန်/ဆက်)