ရန်ကုန် မတ် ၁၇
၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့နံနက် ၉ နာရီမှ စတင်၍ ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌လည်း သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဝင်ရောက် ဖြေဆို လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန ၉၁ ခု ဖွင့်လှစ်ထားရှိပြီး စာမေးပွဲဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ ၃၉၂၆၃ ဦး စာရင်း ပေးသွင်းထားကာ ယနေ့ မြန်မာစာဘာသာ စတင်ဖြေဆိုသောနေ့၌ ကျောင်းသား ၁၆၇၇၆ ဦး၊ ကျောင်းသူ ၂၀၆၉၂ ဦး စုစုပေါင်း ၃၇၄၆၈ ဦး လာရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။
“တိုင်းဒေသကြီးအတွင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်အောင် တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဆောင်မှုနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ၊ အသင်းအဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်ပြီး စာဖြေကျောင်းသားတွေ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ဆေးရုံစာဖြေဌာနတွေမှာလည်း သက်သောင့်သက်သာ ဖြေဆိုနိုင် အောင် စီမံဆောင်ရွက်ထားပါတယ်။ မနှစ်က သင်ရိုးညွှန်းတမ်း အသစ်ကူးပြောင်းခဲ့စဉ်မှာ ဖြေဆိုသူနည်းပေမယ့် အခုနှစ်မှာတော့ ပထမနှစ်ထက် ဖြေဆိုသူ ထက်ဝက်ကျော်တိုးလာတာကြောင့် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ အားလုံးအဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးခဲ့ကြတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု တိုင်းဒေသကြီး ပညာရေးမှူးက ပြောကြားသည်။
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား ကျောင်းသူများသည် မတ် ၁၇ ရက်တွင် မြန်မာစာ၊ မတ် ၁၈ ရက်တွင် အင်္ဂလိပ်စာ၊ မတ် ၁၉ ရက်တွင် သင်္ချာ၊ မတ် ၂၀ ရက်တွင် ဓာတုဗေဒ/ပထဝီ၊ မတ် ၂၁ ရက်တွင် ရူပဗေဒ/သမိုင်းနှင့် မတ် ၂၂ ရက်တွင် ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်တို့ကို ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-ကနူး
ညိမ်းသူ(သတင်းစဉ်)