ရန်ကုန် ဧပြီ ၃
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ်ရှိ အဖျောက် သဘာဝဓာတ်ငွေ့မြေသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ကို တိုက်ကြီးမြို့နယ်ရှိ အဖျောက်သဘာဝဓာတ်ငွေ့မြေ ရှင်းလင်းဆောင်၌ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ထွန်းက အဖျောက် သဘာဝဓာတ်ငွေ့မြေ၏ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်နိုင်ခဲ့သည့် အခြေအနေများ၊ လက်ရှိ ဆောင်ရွက်မှု အခြေအနေများ၊ တွင်းဟောင်းများ၏ ပါးလွှာသဲကြောများကို ပြန်လည်လေ့လာတွက်ချက် သုတေသနပြုလုပ်၍ စမ်းသပ် ထုတ်လုပ်ခဲ့ရာမှ သဘာဝဓာတ်ငွေ့ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခဲ့သည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖျောက်ရေနံမြေသည် ရပ်ဆိုင်းလုနီးပါးဖြစ်နေသည့် အခြေအနေမှ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် သဘာဝဓာတ်ငွေ့များ ပြန်လည်ထွက်ရှိလာကြောင်း၊ ယခုအချိန်တွင် တွင်းသစ် တစ်တွင်းနှင့် တွင်းဟောင်း လေးတွင်းတို့မှ သဘာဝဓာတ်ငွေ့ များ ပုံမှန်ထွက်ရှိနေကြောင်း၊ ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို အဓိကအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍတို့တွင် အသုံးပြုနေသည့် Taxi ယာဉ်များ၊ Bus ကားများ၊ ကုန်တင်ယာဉ်များတွင် အသုံးပြုနေပါကြောင်း၊ ထပ်မံရရှိလာသည့် တွင်းအမှတ်(၅၇)သည် တစ်နေ့လျှင် ဓာတ်ငွေ့ကုဗပေ ၁ ဒသမ ၅ သန်းခန့် ထွက်ရှိမည်ဟု သိရကြောင်း၊ ယခုကဲ့သို့ စက်သုံးဆီ ရှားပါးနေသည့်အချိန်တွင် သဘာဝဓာတ်ငွေ့များ ပိုမိုထုတ်ယူလာနိုင်ခြင်းသည် နိုင်ငံတော်အတွက် အကျိုးများစွာဖြစ်ထွန်းစေကြောင်း၊ သုတေသန ပြုလုပ်၍ အောင်မြင်မှုအပေါ် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများအားလုံးကို အသိအမှတ်ပြုချီးကျူးလိုကြောင်း ပြောကြား ကာ အဖျောက်သဘာဝဓာတ်ငွေ့မြေမှ အရာထမ်း/ အမှုထမ်းများအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဖျောက် သဘာဝဓာတ်ငွေ့မြေတွင် သဘာဝဓာတ်ငွေ့ ပိုမို ထုတ်လုပ်နိုင်ခဲ့သည့် တွင်းအမှတ်(၅၇)၏ တိုးချဲ့သဲကြော သေနတ်ဖောက်ခြင်းလုပ်ငန်း သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေ မှုကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


