ရန်ကုန် မတ် ၅

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း စက်သုံးဆီဝင်ရောက်မှု အခြေအနေများ၊ ဖြန့်ဖြူးမှု အခြေအနေများကို   ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

တွေ့ဆုံ

 

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းဒေသရှိ Max Terminal သို့ ရောက်ရှိပြီး ရှင်းလင်းဆောင်၌ ဌာနဆိုင်ရာများ၊ စွမ်းအင်ဝန်ကြီးဌာန ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန စစ်ဆေးရေး အရာရှိချုပ် ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်းယာယီဥက္ကဋ္ဌ ဦးမြို့မြင့်ဆွေနှင့် တာဝန်ရှိသူများ၊ သီလဝါဆိပ်ကမ်းဒေသရှိ Terminal များမှ တာဝန်ခံများနှင့် တာဝန်ရှိသူများနှင့်   တွေ့ဆုံသည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်သုံးဆီများအား လုံလောက်မှုရှိစွာ ပေးဝေရန်၊ ဆီဆိုင်များအား မှန်ကန်စွာခွဲဝေရောင်းချရန်နှင့် ဆီဆိုင်များတွင် စက်သုံးဆီများအား ပုံမှန်ရောင်းချနေသည့်အတိုင်း သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချရန် မှာကြားသည်။

 

ယင်းနောက် စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန စစ်ဆေးရေး အရာရှိချုပ်က စက်သုံးဆီဖူလုံမှုနှင့် Purchase Order ခွဲဝေမှု အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း ယာယီဥက္ကဋ္ဌက စက်သုံးဆီများအား Tanker များဖြင့် တင်သွင်းမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။

 

လိုအပ်သည်များ မှာကြား

 

ထို့နောက် တက်ရောက်လာကြသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က သီလဝါဆိပ်ကမ်းဒေသရှိ Max Terminal၊ Apex Gas and Oil Great Petroleum Terminal နှင့် MYAT MIATTAR MON PETROL Terminal များရှိ ဆီဖြည့်ပွိုင့်များတွင် စက်သုံးဆီတင်ယာဉ်များအား ဆီဖြည့်ပေးနေမှုနှင့် စက်သုံးဆီဖြန့်ဖြူးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)