ရန်ကုန် ၉ ဇူလိုင်
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံ တစ်ဝန်းတွင် စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်ပြန်လည်စတင်တော့မည်ဖြစ်သည့်အတွက် ကျောင်းသူ၊ ကျောင်းသားများ ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်ချေကို လျှော့ချနိုင်ရန် အခြေခံပညာကျောင်းများတွင် ပိုစတာများ၊ ဗီနိုင်းကပ်ခြင်းနှင့် လက်ဆေးဘေစင်များ ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် အသင်းသည် ဂျာမန်ကြက်ခြေနီအသင်း၏ အထောက်အပံ့ဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်း(၈)ကျောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အခြေခံ ပညာကျောင်း(၃)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်း(၄)ကျောင်း၊ ခရမ်းမြို့နယ်တွင် အခြေခံပညာကျောင်း (၁၃)ကျောင်း၊ သန်လျင်မြို့နယ်တွင် အခြေခံပညာကျောင်း (၁၀)ကျောင်းတို့တွင် လက်ဆေးဘေစင်များတပ်ဆင်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးပိုစတာနှင့် ဗွီနိုင်းကပ်ခြင်းများကို ဇူလိုင် ၄ ရက်မှ စတင်ဆောင်ရွက်လျက်ရှိ သည်။
ထို့ပြင် ကျောင်းများတွင် လက်ဆေးဆပ်ပြာ၊ ကာဘော်လစ်ဆပ်ပြာ၊ လက်သန့်ဆေးရည်များ ထောက်ပံ့ခြင်းနှင့် မိုးရာသီတွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း စသည့် လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဝင်းအောင်(MRCS)


