ရန်ကုန် ၅ ဒီဇင်ဘာ
ရန်ကုန်တက္ကသိုလ်အနုပညာအသင်းမှ ဖွင့်လှစ်သင်ကြားမည့်အနုပညာသင်တန်းများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ဒုတိယသီတင်းပတ်မှစတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ် အနုပညာအသင်းမှ ယခုနှစ်ဖွင့်လှစ်သင်ကြားမည့်သင်တန်းများမှာ အကသင်တန်း၊ အဆို သင်တန်း၊ စောင်းသင်တန်း၊ ပတ္တလားသင်တန်းနှင့် စန္ဒယားသင်တန်းများ ပါဝင်မည်ဖြစ်ပြီး စန္ဒယားသင်တန်းမှာ ကိုရီးယားနိုင်ငံ သင်တန်းနည်းပြဆရာမမှ အခမဲ့ လာရောက် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ် အနုပညာအသင်းမှ အဆိုသင်တန်းနှင့် စောင်းသင်တန်းနည်းပြ ဆရာဉီးမောင်မောင်ခင်က “ကျွန်တော်တို့ ကလေးတွေကို ရိုးရာအမွေ ရိုးရာဂီတတွေကိုပေးဖို့ ပျက်ကွက်ခဲ့တဲ့ ပျက်ကွက်မှုကို ပြန်ပြီးဖြည့်စွက်ချင်တဲ့အတွက်ကြောင့်ရယ်၊ မြန်မာလူမျိုး လူငယ်ပညာတတ်တွေဟာရိုးရာဂီတ ရိုးရာအနုပညာဟာ ထိန်းသိမ်းစောင့်ရှောက် အပ်တဲ့ပညာရပ်တွေ ဖြစ်တယ်ဆိုတာ သူတို့ ခေါင်းထဲမှာ စွဲလမ်းသွားလို့ရှိရင် နောင်အနာဂတ်အတွက် အလားအလာကောင်းတယ်ပေါ့။ ဒါကြောင့် သင်တန်းကို ဖွင့်တာပါ” ဟုအနုပညာ သင်တန်းများ ဖွင့်လှစ်ရခြင်းအကြောင်းကိုရှင်းပြသည်။
ရန်ကုန်တက္ကသိုလ် အနုပညာအသင်းကို လွန်ခဲ့သော တစ်နှစ်ခွဲခန့်မှစ၍ ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယခုနှစ်တွင် မြန်မာ့ဆိုင်းသင်တန်းကိုအထူးသင်တန်းအဖြစ် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဖူးပြည့်