နေပြည်တော် ၂၀ ဒီဇင်ဘာ
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်နှင့် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တည်ထောင်သည့် (၇၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး မြန်မာလူမျိုး ကျောင်းအုပ်ကြီး၊ မြန်မာစာဌာန တည်ထောင်သူ ဆရာကြီး ဦးဖေေမာင်တင် ရုပ်တု ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တောင်ငူဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးထင်ကျော်က အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားပြီး ဆရာကြီး ဦးဖေမောင်တင်၏သမီး ဒေါ်တင်တင်မြိုင်နှင့် ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) တို့ က အမှတ်တရစကား ပြောကြားကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဆရာကြီး ဦးဖေမောင်တင်၏သမီး ဒေါ်တင်တင်မြိုင်နှင့် ဆရာကြီး မောင်ခင်မင် (ဓနုဖြူ)တို့က ဆရာကြီး ဦးဖေမောင်တင် ရုပ်တုကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန၏ မြန်မာစာမြန်မာမှု ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တည်ထောင်သည့် ၇၈ နှစ်မြောက် အထိမ်းအမှတ်အဖြစ် မောင်ခင်မင်(ဓနုဖြူ)၊ မောင်သာချို၊ ရွှေဒါးမောင်လေးရည်၊ သုလင်းဝေ နှင့် မိုးဆင့်သူ(မြန်မာစာ)တို့က အမှတ်တရစကားပြောကြားခြင်း၊ ကဗျာရွတ်ဆိုခြင်းတို့ဖြင့် ဂုဏ်ပြုကြသည်။
(သတင်းစဉ်)