နေပြည်တော် ၂၂ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ကဗျာစာမူများ ရေးသားပေးပို့နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖိတ်ခေါ်ခဲ့ပါသည်။
အဆိုပါ ကဗျာပြိုင်ပွဲသို့ ပြိုင်ပွဲဝင် (၁၁၈) ဦးက ကဗျာစာမူပေါင်း (၁၂၈) ပုဒ်ကို ရေးသားပေးပို့ ယှဉ်ပြိုင်ခဲ့ကြပြီး ကဗျာစာမူဆု စိစစ်ရွေးချယ်ခြင်းကို နိုဝင်ဘာလ (၂၁) ရက်နေ့ မွန်းတည့် (၁၂) နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကဗျာပညာရှင်များက ပြိုင်ပွဲဝင် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အကဲဖြတ်စိစစ် ရွေးချယ်ခဲ့ကြသည်။ ကဗျာပြိုင်ပွဲတွင် ပထမဆုအဖြစ် မောင်ကျော်ဇော(ရှင်မတောင်နံ့သာမြေ)က “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ကဗျာဖြင့် လည်းကောင်း၊ ဒုတိယဆုအဖြစ် ချစ်စုအောင်က “ရာပြည့် လက်စုံ ပန်းကြာမုံ” ကဗျာဖြင့်လည်းကောင်း၊ တတိယဆုအဖြစ် ရေနံ့သာမောင်ကျော်ညွန့်က “ကမ္ဘာအသိ ဆင်နွှဲတဲ့ ရာပြည့်သဘင်ပွဲ” ကဗျာဖြင့်လည်းကောင်း၊ အထူးဆု-၁ အဖြစ် သပြေထွန်းက “အလင်းလွှတ် ကြယ်တို့ရဲ့ စကြ၀ဠာ ရာပြည့်တက္ကသိုလ် မြကျွန်းသာ” ကဗျာဖြင့်လည်းကောင်း၊ အထူးဆု-၂ အဖြစ် သက်မွန်(မော်ကျွန်း)က “တမ်းတမိတယ် မြကျွန်းညို” ကဗျာဖြင့်လည်းကောင်း၊ အထူးဆု-၃ အဖြစ် လှတိုး(ဒဿနိက)က “အလွမ်းတက္ကသိုလ်” ကဗျာဖြင့်လည်းကောင်း၊ အထူးဆု-၄ အဖြစ် မောင်စုမြင် (ညောင်လေးပင်)က “ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် မွေးနေ့ဆုတောင်း” ကဗျာဖြင့်လည်းကောင်း၊ အထူးဆု-၅ အဖြစ် မင်းသစ်ဝင်း(ကျောက်တံခါး)က “စိမ်းစိုသာမော ပန်းတို့တောက ချစ်သောအမိတက္ကသိုလ်” ကဗျာဖြင့်လည်းကောင်း အသီးသီးဆုများ ရရှိခဲ့ကြသည်။ အဆိုပါ ကဗျာပြိုင်ပွဲ ဆုပေးပွဲကျင်းပမည့်ရက်အား ထပ်မံအသိပေး အကြောင်းကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အုပ်မှူးဇော် (ပြန်/ဆက်)


