ရန်ကုန် ၁၆ ဇန်နဝါရီ
ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့် အထိမ်းအမှတ်အဖြစ် ကဗျာနှင့် စာရေးဆရာအံ့မောင်၏ “အောင်ဆန်း တို့အမေ၊ အောင်ကျော် တို့အမေ” ကဗျာစာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (ရုံးချုပ်) ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကဗျာနှင့် စာရေးဆရာအံ့မောင်က နှုတ်ခွန်းဆက်စကားပြောကြား ၍ သံအမတ်ကြီး (ငြိမ်း) စာရေးဆရာ ဦးမောင်မောင်စိုးတင့် နှင့် ဆရာဂုဏ်ထူးဦးသိန်းနိုင်တို့က မုဒိတာ စကားပြောကြား ကြသည်။
ထို့နောက် ကဗျာနှင့် စာပေအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များက ငြိမ်းချမ်းရေးစကားများ ပြောကြားခြင်းနှင့် ငြိမ်းချမ်းရေး ကဗျာရွတ်ဆိုခြင်းတို့ကို ပြုလုပ်ကြသည်။
ကဗျာနှင့် စာရေးဆရာအံ့မောင်က “ရန်ကုန်တက္ကသိုလ်က အထူးချွန်ဆုံး ကျောင်းသားကြီး ကိုအောင်ဆန်းနဲ့အတူ ကိုအောင်ကျော်၊ ကိုဗဟိန်း၊ ကိုဘဆွေ၊ ကိုဘဦး တို့လို ပုဂ္ဂိုလ်တွေကို တက္ကသိုလ်ကြီးက မွေးထုတ်လိုက်တဲ့ အထိမ်းအမှတ်အဖြစ် ဒီနာမည်ကို ပေးလိုက်တာပါ” ဟု ပြောသည်။
ထို့ပြင် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့ အတွက် အထောက်အပံ့ ဖြစ်ရန်၊ တိုင်းရင်းသားအချင်းချင်း ခိုင်မာသည့် ညီညွှတ်မှုရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ၁၉၄၉ ခုနှစ်ခန့်မှ စတင်ကာ နိုင်ငံရေးကဗျာနှင့် ဆောင်းပါးများကို ရေးသားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါ ကဗျာစာအုပ်တွင် ရန်ကုန်တက္ကသိုလ် နှင့်ပတ်သက်သည့် ရသစုံကဗျာအပုဒ် ၁၅၀ ပါဝင်ပြီး ကဗျာချစ်သူများနှင့် ဝါသနာရှင်များအတွက် တစ်ချိန်က ရန်ကုန်တက္ကသိုလ်၏ အရိပ်အငွေ့အသက် များကို ပြန်လည်ခံစားစေနိုင်မည့် ကဗျာစာအုပ်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ - ဇော်ကြီး