ရန်ကုန် ၆ စက်တင်ဘာ
ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့် ရာပြည့်သဘင်အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီ(၁၇)ဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့် ရာပြည့်သဘင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနား ကျင်းပရန် ဦးစီး ကော်မတီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် ဦးစီးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းအဖွဲ့(၁၇)ဖွဲ့နှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အစည်းအဝေးများကျင်းပပြီး အစည်းအဝေးများ၏ ရလဒ်များ၊ ဆုံးဖြတ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များကို ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း။
ရန်ကုန်တက္ကသိုလ်သည် သမိုင်းကြောင်းအရ လက်ဆင့်ကမ်းယူရမည့် သင်ခန်း စာယူစရာများရှိပြီး တက္ကသိုလ်သည် နိုင်ငံတကာနှင့်ယှဉ်ပြိုင် နိုင်စွမ်းရှိသော၊ လူ့အဖွဲ့ အစည်းနှင့် ကမ္ဘာကြီးကို အကျိုးပြုနိုင်သော စွမ်းဆောင်ရည် ပြည့်ဝသည့် နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်များဖြစ်ရန် ဦးတည်ချက်များနှင့်အညီ ရန်ကုန် တက္ကသိုလ် ရာပြည့် သဘင်အခမ်းအနားများ ကျင်းပနိုင်ရေးကို စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်၏ Master Plan အရ နယ်ပယ်(၄)ခုဖြစ်သည့် တက္ကသိုလ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုးမြှင့်ရေး၊ အရည်အသွေးနှင့်ကျွမ်းကျင်မှု တိုးမြှင့်ရေးအတွက် တက္ကသိုလ်တွင်း မူဘောင်တစ်ရပ်ပြုစုဖော်ဆောင်ရေး၊ လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုမည့် သင်ကြားသင်ယူမှု၊ သုတေသနနှင့် ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ခေတ်မီမဟာဗျူဟာများ၊ ချဉ်းကပ်မှုနည်းလမ်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ တက္ကသိုလ် ပြုပြင်မွမ်းမံရန်၊ အဆင့်မြှင့် တင်ရန်နှင့် ဖွံ့ဖြိုး တိုးတက်မှုများ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် တက္ကသိုလ် ပရဝုဏ်များ၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
တက္ကသိုလ်၏ Campus ကို ကျန်းမာရေးနှင့်ညီညွတ်ပြီး လုံခြုံမှုရှိရန် ဆောင်ရွက် လျက်ရှိပြီး အိုင်စီတီ အသုံးချမှုမြှင့်တင်ရေး၊ စာကြည့်တိုက်ဖွံ့ဖြိုး တိုးတက်ရေး၊ စာသင်ခန်းများနှင့် လက်တွေ့ခန်းများ အဆင့်မြှင့်တင်ရေး၊ သင်ထောက်ကူ ပစ္စည်းများ အဆင့်မြှင့်တင် ဖြည့်ဆည်းရေးများကိုလည်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဦးစားပေး လုပ်ငန်းများကို ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရန်နှင့် တက္ကသိုလ်၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုမည့် နည်းလမ်းများကို ဝိုင်းဝန်းပူးပေါင်း အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားပြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ကော်မတီ၏ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေး တင်ပြသည်။
ထို့နောက် လုပ်ငန်းကော်မတီ(၁၇)ဖွဲ့မှ ဥက္ကဋ္ဌများက လုပ်ငန်းကော်မတီများ၏ လုပ်ငန်းတာဝန် ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်ချက်များကို ပေါင်စပ်ညှိနှိုင်းပေးကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တို့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တက္ကသိုလ် သစ်ပုတ်ပင်၌ ရန်ကုန်မြို့၏ ၃၂ ခုမြောက် မြို့ပြအမွေအနှစ် အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ပွဲ အခမ်းအနားနှင့် အင်းလျားဆောင်၌ ကျင်းပသည့် ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ် အင်းလျားဆောင် ဓာတ်ပုံပြပွဲအခမ်းအနားများသို့ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


