ရန်ကုန် ၇ မတ်

 

ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း၊ ဒင်္ဂါးနှင့် ငွေစက္ကူပြပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)၌ ကျင်းပသည်။

 

ပြပွဲကို တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း မျိုးဆက်သစ် ကျောင်းသားများ၊ မျိုးဆက်ဟောင်း ကျောင်းသားများနှင့် မြန်မာနိုင်ငံ တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များအသင်းတို့နှင့်အတူ ဒင်္ဂါးနှင့် ငွေစက္ကူ စုဆောင်းသူ ဝါသနာရှင်များ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြန်မာနှင့် ကမ္ဘာတစ်လွှားမှ ထင်ရှားသော ပုဂ္ဂိုလ်များ၊ နိုဗယ်ဆုရှင်များနှင့် နိုင်ငံခေါင်းဆောင်များကို ဂုဏ်ပြုထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများ၊ ထူးခြားသော နေ့ရက်များနှင့်အတူ အမှတ်တရ ထုတ်ဝေထားသော အထိမ်းအမှတ် တံဆိပ်ခေါင်းများကို မတ် ၈ ရက်အထိ ပြသသွားမည်ဖြစ်သည်။

 

ထို့အပြင် ပျူခေတ်သုံး ဒင်္ဂါးများမှ ယနေ့မျက်မှောက်ခေတ်အထိ မြန်မာ့သမိုင်းတစ်လျှောက် ခေတ်အလိုက် ထုတ်ဝေအသုံးပြုခဲ့သော ဒင်္ဂါးများအပါအဝင် အထိမ်းအမှတ် ထုတ်ဝေသည့် ဒင်္ဂါးများနှင့် ခေတ်အလိုက် ထုတ်ဝေသုံးစွဲခဲ့သည့် ငွေစက္ကူများကို ပြသထားရာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများဖြင့် စည်ကားလျက်ရှိသည်။

 

ပြပွဲကျင်းပခဲ့မှုနှင့် စပ်လျဉ်း၍ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန ကထိက (တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း အတွင်းရေးမှူး) ဒေါ်ဆွေဆွေအုန်းက “တံဆိပ်ခေါင်းတွေ အများကြီးရဖို့၊ နှစ်ပေါင်းများစွာ စုဆောင်းခဲ့ရပါတယ်။ တံဆိပ်ခေါင်းတွေက အထိမ်းအမှတ်အနေနဲ့ ထုတ်ထားကြတာပါ။ ဒီတံဆိပ်ခေါင်းတွေကနေ တိုင်းပြည်ရဲ့ ပြောင်းလဲလာတဲ့ ခေတ်စနစ်၊ သမိုင်းကြောင်းနဲ့ ငွေကြေးတန်ဖိုးကို သိစေချင်လို့ အခုလို ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

 

တံဆိပ်ခေါင်းကို ကမ္ဘာပေါ်၌ ၁၈၄၀ ခုနှစ်တွင် အင်္ဂလန်နိုင်ငံက စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် တံဆိပ်ခေါင်းကို ၁၉၃၈ ခုနှစ်မှစတင် အသုံးပြုခဲ့ကြောင်း အဆိုပါပြပွဲမှ သိရသည်။

 

သတင်း - ဇော်ကြီး၊ ဓာတ်ပုံ - ဖေဇော်