mdn

နေပြည်တော် ၁၆ အောက်တိုဘာ

 

ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က   ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အစီအစဉ်များ ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရုပ်သံအစီအစဉ်များနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ သတင်းစာများတွင် ဆောင်ရွက်နေသည့် အစီအစဉ်များလည်း ရှိပါကြောင်း၊ ထို့အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်နေသည့် အစီအစဉ်များလည်း ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်စေလိုသည့် အစီအစဉ်များရှိပါကလည်း ပါဝင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ၂၀၂၀ ဒီဇင်ဘာ ရက်တွင် သက်တမ်းနှစ်(၁၀၀) ပြည့်မည်ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်သည် တက္ကသိုလ်အားလုံး၏ မိခင်တက္ကသိုလ်ကြီးဖြစ်ပြီး နိုင်ငံတကာတက္ကသိုလ်များ၏ စနစ်အတိုင်း ယခင်က ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားကို ကိုဗစ်-၁၉ အခြေအနေအရ မည်သို့ ကျင်းပနိုင်မည်ဆိုသည်ကို ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားတွင် ထည့်သွင်းသင့်သည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အစီအစဉ်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြီးစီးမှုနှင့် ဆက်လက်ထုတ်လွှင့်ရန် လျာထားဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အစီအစဉ်တွင် ပါဝင်မည့် ဖျော်ဖြေရေးအစီအစဉ်များအတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ထို့အတူ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အခမ်းအနားတွင် ထည့်သွင်းကျင်းပသွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အစီအစဉ်အဖြစ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဖိတ်ခေါ်ကျင်းပနေမှု အခြေအနေနှင့် ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ ကာတွန်းပြိုင်ပွဲများ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးတင်ပြကြပြီး  တက်ရောက်လာကြသည့် ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်တို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

 

ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြည့်စွက်ဆွေးနွေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

 

သတင်းစဉ်

 

mdn