ရန်ကုန် ၁၇ သြဂုတ်
ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို အသုံးချဒဿနအမြင်ပြပွဲ ၂၀၁၉ ကို အနုပညာပြကွက်များ၊ ဟောပြောပွဲများနှင့်အတူ သြဂုတ် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ရန်ကုန်တက္ကသိုလ်၊ အပန်းဖြေရိပ်သာ(RC)တွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ကျင်းပမည်ဖြစ်ကြောင်း ဒဿနိကဗေဒဌာနမှ သိရသည်။
အသုံးချဒဿနိကအမြင်ပြပွဲတွင် ပန်းချီ၊ ပန်းပု၊ ကာတွန်း၊ ဓာတ်ပုံ၊ ကဗျာ၊ ဒဿနစာစုများ၊ ဒဿနဆိုင်ရာစာအုပ်များ ခင်းကျင်းပြသခြင်း စသည်တို့အပြင် ဒဿနပညာရှင်များ၏ စကားဝိုင်းအစီအစဉ်များလည်း ပါဝင်ပြီး ဒဿနိကဗေဒပညာရပ် ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလာစေရန်နှင့် ဒဿနိကပညာရပ်သည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများတွင် သာမက လူသားတိုင်း၏ နေ့စဉ်ဘဝအတွက် အသုံးချနိုင်ကြောင်း ထုတ်ဖော်ပြသနိုင်ရန် အသုံးချဒဿနိကဗေဒ ဘွဲ့လွန်ဒီပလိုမာ အမှတ်စဉ်(၁) သင်တန်းသားများက ပြပွဲကို စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ် (၉၉)နှစ်ပြည့်အထိမ်းအမှတ် ဒဿနပညာရှင်များ၏ စကားဝိုင်းအစီအစဉ်အရ သြဂုတ် ၂၆ ရက်၊ နံနက် ၉ နာရီခွဲတွင် လှပသောနိုင်ငံတော် ခေါင်းစဉ်ဖြင့် ဆရာချစ်ဦးညို၊ မောင်မောင်ဇေယျ၊ ပါမောက္ခဒေါက်တာလဲ့လဲ့ဝင်း၊ မင်းကိုနိုင်နှင့် ကျော်မင်းဆွေ(MJI) တို့ကလည်းကောင်း၊ သြဂုတ် ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် လူငယ်သစ်ရှာပုံတော်ခေါင်းစဉ်ဖြင့် စမ်းစမ်းနွဲ့(သာယာဝတီ)၊ ပါမောက္ခ ဒေါက်တာမောင်ဆောင်၊ ပါမောက္ခဒေါက်တာ ဆန်းထွန်း၊ အင်းမောင်(ဒဿန)၊ ဟန်ထူးလွင်(Big Bag)၊ ဒါရိုက်တာဏကြီးတို့ကလည်းကောင်း ဟောပြောဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇင်ဝင်း


