ရန်ကုန် ၉ ဒီဇင်ဘာ
ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို သိပ္ပံပွဲခင်း - ၂၀၁၈ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာခန်းမ၌ ကျင်းပသည်။
ရာပြည့်အကြို သိပ္ပံပွဲခင်းကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် University College နှင့် Judson College တို့ဖြင့် စတင် ဖြစ်တည်လာခဲ့ပါကြောင်း၊ ယခုဆိုလျှင် ၉၈ နှစ်တိုင် ပြည့်မြောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် နှစ် ၁ဝဝ ပြည့်မည်ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်သိပ္ပံပွဲခင်း ၂၀၁၈ အခမ်းအနားသည် တက္ကသိုလ် ရာပြည့်ကိုကြိုဆို၍ ပညာရေး အနှစ်သာရ ပြည့်ဝစွာကျင်းပရန် စီစဉ်နိုင်ခဲ့သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ကြမည့် လူ့စွမ်းအားအရင်းအမြစ်များကို အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် လေ့ကျင့်မွေးထုတ်ပေးနေသည့် သမိုင်းအစဉ်အလာကြီးမားခဲ့သည့် ရန်ကုန်တက္ကသိုလ်ကြီးကို ဂုဏ်ဆောင်တက္ကသိုလ် (Flagship University) နှင့် နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ် (Internationally Recognized University) တစ်ခုအဖြစ် ရပ်တည်နိုင်ရေးအတွက် ရန်ကုန် တက္ကသိုလ်(ပင်မ) ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်း၍ ပညာရပ်ဝန်းကျင် ကောင်းများ ပြည့်စုံကောင်းမွန်ရေး၊ ပညာရည်မြင့်မားရေး၊ ရန်ကုန်တက္ကသိုလ်၏ အစဉ်အလာ၊ အမွေအနှစ်များကို ဆက်လက် ထိန်းသိမ်းပြီး ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ရေရှည်တည်မြဲ ဖွံ့ဖြိုးစေရေးလုပ်ငန်းများအဖြစ် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းတို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး Australian National University မှ တာဝန်ရှိသူများက သိပ္ပံပညာဆိုင်ရာများကို လက်တွေ့ပြသကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သိပ္ပံပွဲခင်းအတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လှည်ကြည့်ရှုကြသည်။
အဆိုပါ သိပ္ပံပွဲခင်းကို ကျောင်းသား၊ ကျောင်းသူများအတွက် သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်မှုများကို ပြုစုပျိုးထောင်ပေးရန်၊ သင်ကြားမှုအထောက်အကူပြုပစ္စည်းများ၊ သုတေသန လုပ်ငန်းသုံး စက်ကိရိယာများ နှင့်ပတ်သက်သော သိပ္ပံနည်းပညာများ ပြည်သူများအတွင်း အသိပညာပြန့်ပွားလာစေရန်၊ တက္ကသိုလ်များအကြား၊ တက္ကသိုလ်များနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများ၊ လူမှုစီးပွားရေး အဖွဲ့အစည်းများအတွင်း သုတေသနနှင့် သင်ကြားသင်ယူမှု လုပ်ငန်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)