ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် မြန်မာစာဌာနက ကြီးမှူးကျင်းပသည့် စာရေးဆရာမ နုနုရည်(အင်း၀)၏ “ဝတ္ထုတစ်ပုဒ်မွေးဖွားခြင်း” စာပေဟောပြောပွဲကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် မြန်မာစာဌာနရှိ မြန်မာစာခန်းမ၌ ကျင်းပသည်။

စာပေဟောပြောပွဲတွင် “ဝတ္ထုတစ်ပုဒ် မွေးဖွားခြင်း”အကြောင်းအရာနှင့် စပ်လျဉ်း ၍ စာရေးဆရာမ နုနုရည်(အင်း၀)၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက် ပါသည်။

1236

စာရေးဆရာမ နုနုရည်(အင်း၀)

ကျွန်မ ဝတ္ထုရေးရင် ကိုယ့်ယုံကြည်ရာ လေးက ဒီနေ့ခေတ်နဲ့ ထင်ဟပ်နေရမယ်။ ဒီနေ့ခေတ်ကို ထင်ဟပ်တဲ့ အကြောင်းအရာ လေးတွေထဲက ကျွန်မရင်ထဲကို ကျဉ်ခနဲ ဖြစ်စေမယ့်၊ ကျွန်မစိတ်ကို ထိခိုက်စေမယ့် အကြောင်းအရာမျိုးကို ထပ်ပြီးရွေးချယ်ပါ တယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ နေရာကို သွားတယ်။ အဲဒီနေရာက ဇာတ်ကောင်စရိုက်တွေကို လေ့လာတယ်။ အင်တာဗျူးတယ်။

ဖြစ်နိုင်လို့ရှိရင် အချိန် အများကြီးယူပြီး အဲဒီဇာတ်ကောင်တွေနဲ့ အတူနေ၊ အတူစား၊ အတူသွားပြီး အတွေ့အကြုံတွေကို ဒါတွေ ကိုယူနိုင်ရင် ပိုကောင်းပါတယ်။ ကျွန်မက တော့ ဝတ္ထုတစ်ပုဒ် ရေးတော့မယ်ဆိုရင် အဲဒီဝတ္ထု အကြောင်းအရာထဲက နေရာက လူတွေနဲ့ တွေ့တယ်။ စကားပြောမယ်၊ ပြီးရင် တစ်နေရာမှာ ဒီဝတ္ထုလေးကို ရေးပါ တယ်။ ဝတ္ထုတိုမှာ တိုပေမယ့် သူ့မှာ message ပေးတယ်၊ ဇာတ်လမ်းဇာတ်အိမ် က ဝတ္ထုရှည်ကများတယ်၊ ဝတ္ထုရှည်မှာ လည်း message ပါပါတယ်။ ဝတ္ထုရှည်က ဝတ္ထုတိုထက် ဇာတ်ကောင်စရိုက်တွေ ပိုများမယ်။ အကြောင်းအရာက အတူတူဖြစ် ရင်တောင်မှ ဇာတ်ကောင်စရိုက်တွေ ပိုများ မယ်။ နောက်ပြီး ဝတ္ထုတိုနဲ့ ဝတ္ထုရှည်မှာ မတူညီတဲ့အချက်က ဝတ္ထုတိုကို ဖတ်လိုက် တာနဲ့ သူဆိုလိုချက်ကို ဖြတ်ခနဲစာဖတ် ပရိသတ်က သိနိုင်တယ်။ ဝတ္ထုရှည်ကတော့ တစ်အုပ်လုံး တစိမ့်စိမ့်ဖတ်ပြီးမှ ဆိုလိုချက် လေးကိုသိရတယ်။ အဲဒါလေးတော့ ကွာမယ်။

ဒီဟောပြောပွဲကနေ လာနားထောင်တဲ့ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူ တွေ တစ်ခုခုတော့ ရသွားလိမ့်မယ်လို့ ထင်ပါတယ်။ မန္တလေးတက္ကသိုလ်မှာ တက်ခဲ့ပေမယ့် ရန်ကုန်တက္ကသိုလ် ကျောင်းသူလည်း ဖြစ်ခဲ့ဖူးတယ်။ Library Science ကို ဒီရန်ကုန်တက္ကသိုလ်မှာ တက်ခဲ့ ဖူးတယ်။ ဒီတက္ကသိုလ်ကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့ အထဲမှာ ဆရာဇော်ဂျီ အဓိပ္ပာယ်ဖွင့်ဆိုထားတာ ကို သဘောကျပါတယ်။ တက္ကသိုလ်ဆိုတာ ဘာသာရပ်ဆိုင်ရာ၊ ပညာရပ်ဆိုင်ရာတွေကိုသာ သင်ကြားပေးတဲ့ နေရာမဟုတ်ဘူး။ ကျောင်းသား ကျောင်းသူတွေအတွက် ကိုယ်ကျင့်သိက္ခာနဲ့ ရင့်ကျက်ခြင်းကိုပါ သင်ကြားပေးတဲ့နေရာလို့ ဖွင့်ဆိုချက်အတိုင်း တက္ကသိုလ်ကြီး ရာပြည့်မှာ ကျောင်းသား ကျောင်းသူတွေ အဲဒီလိုမျိုး လိုက်နာကျင့်သုံး ပြီးတော့ ဆရာဇော်ဂျီ ဖြစ်စေချင်တဲ့ ကိုယ်ကျင့် သိက္ခာနဲ့ ရင့်ကျက်မှုနဲ့ ပြည့်စုံတဲ့ ကျောင်းသား ကျောင်းသူတွေကို ရန်ကုန်တက္ကသိုလ်ကြီးက မွေးထုတ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။

ရင့်ကျက်ဖို့အတွက် စာတွေ အများကြီး ဖတ်ပါ။ ဖတ်ပြီးတော့လည်း စာရေးစေချင် ပါတယ်။ စာရေးချင်တဲ့ လူငယ်တွေအတွက် သူတို့ရဲ့ နေရာလေးတစ်ခုပျောက်သွားမှာ စိုးပါတယ်။ ရှိတဲ့ မဂ္ဂဇင်းတွေကနေ ဆက်ပြီး ရေးစေချင်ပါတယ်။ အဓိကကတော့ စာအများ ကြီး ဖတ်ပြီး စာရေးကြဖို့ပါပဲ။

5479

ပါမောက္ခဒေါက်တာအောင်မြင့်ဦး

ပါမောက္ခ၊ ဌာနမှူး

မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်

ဒီနေ့ စာပေဟောပြောပွဲက ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနအနေနဲ့ အဓိက လုပ်ငန်းဖြစ်တဲ့ စာပေလှုပ်ရှားမှုတစ်ခုအနေနဲ့ လှုပ်ရှားတာပါ။ ရန်ကုန်တက္ကသိုလ် ရာပြည့် ကာလအနေနဲ့ အဓိကက တက္ကသိုလ်မှာ ပညာရပ်ဝန်းကျင် ပိုပြီးအဓိပ္ပာယ်လေးနက်စေဖို့ အတွက်၊ မြန်မာစာဌာနအနေနဲ့ စာပေကို သင်ကြားတဲ့ဌာနဖြစ်တော့ စာပေနဲ့ ပတ်သက် တဲ့ ကိစ္စတွေကိုကလေးတွေအတွက် အသိ အမြင်တွေ ပိုပြီးပွင့်လင်းလာဖို့ဖြစ်ပါတယ်။ အဓိကရန်ကုန်တက္ကသိုလ် ရာပြည့်ကာလမှာရန်ကုန်တက္ကသိုလ်ရဲ့ အနှစ်သာရပိုမိုပြည့်ဝ လာဖို့၊ တက္ကသိုလ်ရဲ့ ပညာရပ်ဝန်း ပိုမိုလေးနက် လာစေဖို့ ဒီလိုပွဲမျိုးတွေ ကျင်းပနေတာဖြစ်ပါ တယ်။ ဒီမှာတင် မကပါဘူး။ ဝိဇ္ဇာခန်းမမှာ အဆောင်အလိုက် စာပေဟောပြောပွဲတွေ၊ စာပေလှုပ်ရှားမှုတွေ ကျင်းပနေပါတယ်။ ဒီနေ့ ဆိုရင် ရာပြည့်အထိမ်းအမှတ် ရသစာပေ စာတမ်းပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲကိုလည်း တက္ကသိုလ်အသီးသီးမှာ ကျင်းပပေးနေပါ တယ်။ ဒီဟောပြောပွဲက ရန်ကုန်တက္ကသိုလ် ကို ကြိုဆိုတဲ့ ပွဲလည်းဖြစ်ပါတယ်။ မြန်မာစာ ဌာနအနေနဲ့ မြန်မာစာပေရဲ့ အခန်းကဏ္ဍကိုပိုမိုမြင့်မားစေချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါ တယ်။

ခရစ္စတိုဖာ

ပြင်သစ် ဒီပလိုမာတန်း ဒုတိယနှစ်

နိုင်ငံခြားဘာသာတက္ကသိုလ်

ဒီစာပေဟောပြောပွဲကို သူငယ်ချင်း တစ်ယောက်က မက်ဆင်ဂျာကနေတစ်ဆင့် မျှဝေပေးလို့ သိရပါတယ်။ ကျွန်တော်က ဒီလိုစာပေဟောပြောပွဲတွေကို စိတ်ဝင်စားပါ တယ်။ ဆရာမကြီး စာအရေးအသားကို ကျွန်တော် အလွန်ကြိုက်ပါတယ်။ သူ့စာအုပ် တွေကိုလည်း စုဆောင်းနေတယ်။ အဓိက ကတော့ စာရေးနေတဲ့သူတွေအတွက် ကိုယ့်ရဲ့ စီနီယာ စာရေးဆရာမကြီးတွေ ရေးသားပုံ ရေးသားနည်းတွေ၊ အကြံဉာဏ် တွေ ဘယ်လိုယူသလဲဆိုတာ သိလာရတယ်။ စာဖတ်ပရိသတ်ကတော့ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို မေးခွင့်ရတယ်။ တစ်မျိုးစီ ပညာတွေရခဲ့ပါတယ်။ ကျွန်တော် က နားထောင်သူသက်သက်ပါ။ အဓိက ကတော့ ဆရာမရဲ့ဝတ္ထုတိုင်းကို ကျွန်တော် ဖတ်ကြည့်တော့ သဘောကျပါတယ်။

62.42

ဆရာမ ဝတ္ထုရေးပုံက အပြောနဲ့ ရေးတာ များတယ်။ ဆရာမက ဝတ္ထုအများကြီး ထွက်မထားဘူး၊ လက်ချိုးရေလို့ ရတယ်။ ဆရာမကို သဘောကျတဲ့ အကြောင်းက ဝတ္ထုရေးတဲ့အခါ နောက်ခံအကြောင်းအရာ တွေကတစ်ခုနဲ့ တစ်ခုမတူတော့ အဲဒီ အတွက် သဘောကျတယ်။ ဒီတက္ကသိုလ် ရာပြည့် အစီအစဉ်တိုင်းမှာ လာဖြစ်ပါ တယ်။ စာအုပ်ဈေးရောင်းပွဲ၊ စာပေ ဟောပြောပွဲက တစ်နှစ်ပတ်လုံး သူ့အစီ အစဉ်နဲ့သူ လုပ်သွားနေပါတယ်။ ပွဲစီစဉ်သူ တွေကို ကျေးဇူးတင်ပါတယ်။ ရန်ကုန် တက္ကသိုလ်ကြီး ရာပြည့်ကနေ ထောင်ပြည့် ပွဲတွေ လုပ်နိုင်ပါစေလို့ အတတ်နိုင်ဆုံး လာရောက်အားဖြည့်ပေးပါမယ်လို့ ပြောချင် ပါတယ်။

မမြချမ်းကိုကို

မြန်မာစာ ဒုတိယနှစ် (ရန်ကုန်တက္ကသိုလ်)

ဆရာမရဲ့ ဝတ္ထုတစ်ပုဒ်ကို ရသဘယ်လို ပေါ်အောင် ပြောသွားနိုင်သလဲဆိုတာကို သိရှိ နိုင်ခဲ့တယ်။ ဆရာမရဲ့ ကိုယ်တွေ့ရော၊ ခံစား ချက်ရော ပေါင်းပြီးပြောသွားတဲ့အတွက် တကယ် ခံစားရပါတယ်။ ဆရာမရဲ့ ဝတ္ထု တွေကို သေချာမဖတ်ဖူးပါဘူး။ အခု ပထမ ဆုံး ဆရာမကို တွေ့ခဲ့ရတာပါ။ သမီးက တခြား စာရေးဆရာကြီးတွေ ဖြစ်တဲ့ တက္ကသိုလ် ဘုန်းနိုင်တို့ကိုတော့ ဖတ်ဖူး တယ်။ အဓိကကတော့ ဝတ္ထုတစ်ပုဒ် ဖန်တီးတဲ့နေရာမှာ စိတ်ကရေးမယ့် ဇာတ်ကောင်အပေါ်မှာ သူ့ရဲ့စရိုက်ကို လေ့လာပြီးတော့ ရေးသင့်တယ်။ ပေါ်လွင် အောင် ရေးမယ်ဆိုရင်တော့ ဒီဇာတ်ကောင် စရိုက်ကိုသေချာရေးမှ ဝတ္ထုက ဇာတ်ကောင် စရိုက်ကို ပေါ်လွင်မယ်လို့ ထင်တယ်။

ဒီတက္ကသိုလ် ရာပြည့်နဲ့ပတ်သက်လို့ ကတော့ ဒီအချိန်မှာ သမီးဒီကျောင်းကြီးကို တက်ခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူမိပါ တယ်။ တက္ကသိုလ် နှစ် ၁၀၀ ပြည့်ဆိုတာ တကယ် မစဉ်းစားနိုင်ရအောင် ကြုံရခဲတဲ့ ပွဲကြီးဖြစ်ပါတယ်။ သမီးငယ်ငယ်တုန်းက တက္ကသိုလ်ကြီးက ပိတ်ထားခဲ့တယ်။ ဒီတက္ကသိုလ်ကြီးကို အလွန်တက်ချင်ခဲ့တယ်။ ဒီလိုမျိုး တက္ကသိုလ်ကြီးကို တက်ရမယ်လို့၊ အခွင့်အရေးကြုံလာမယ်လို့ မထင်ထားခဲ့ဘူး လေ။ တကယ်တက်ခဲ့ရတော့ အလွန်ကို ဝမ်းသာဂုဏ်ယူမိပါတယ်။ သမီးက အဆောင်သူဖြစ်ပါတယ်။ ဒဂုံဆောင်ကနေ ကျောင်းတက်ပါတယ်။ အဆောင်က အစား အသောက်ကအစ စနစ်တကျ ချက်ကျွေးပါ တယ်။ ဆရာ ဆရာမတွေအနေနဲ့ကလည်း ကိုယ့်သားသမီးတွေလို စောင့်ရှောက် ပေးကြပါတယ်။ အမြင်မတော်တာရှိလည်း ဆုံးမပေးတယ်။ နယ်အစုံက သူငယ်ချင်း တွေနဲ့လည်း တွေ့ဆုံခွင့်ရတယ်။

တွေ့ဆုံမေးမြန်း - ရီရီမြင့်၊ ဥမ္မာသန့်

 

 

မြန်မာ့အလင်း