ရန်ကုန် ၂၈ ဖေဖော်ဝါရီ
နိုင်ငံတကာလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး စခန်းသွင်းလေ့ကျင့်မှုအစီအစဉ် (International Development Field Camp 2020)နှင့်ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ စခန်းသွင်းလေ့ကျင့်မှုအစီအစဉ်ကို ဂျပန်-မြန်မာ သံတမန်ချစ်ကြည်ရေးနှစ် ၆၀ ပြည့် အထိမ်းအမှတ်ဖြစ် သည့် ၂၀၁၄ ခုနှစ် ဧပြီလတွင် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ရှိ ကျောင်းသားလူငယ်များမှ စတင်တည်ထောင်ခဲ့ ခြင်းဖြစ်သည်။ ၂၀၂၀ ပြည်နှစ်၏ လေ့ကျင့်မှုအစီအစဉ် ပထမပိုင်းကို ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ Ritsumeikan တက္ကသိုလ်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ဂျပန်ယဉ်ကျေးမှုနေရာများကို လည်ပတ်ခြင်းနှင့် မြန်မာ-ဂျပန် ချစ်ကြည်ရေးကျင်းပခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒီလေ့ကျင့်မှုအစီအစဉ်က မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံမှာရှိတဲ့ ကျောင်းသားလူငယ်တွေအနေနဲ့ ကိုယ့်ရဲ့မတူညီတဲ့ ယဉ်ကျေးမှုတွေ ဖလှယ်နိုင်ဖို့၊ နှစ်နိုင်ငံမှာရှိတဲ့ လူမှုပြဿနာတွေကို အတူတူ အဖြေရှာဖို့နဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်ဖို့အတွက် လေ့ကျင့်ပေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်” ဟု မြန်မာကျောင်းသားများ ကော်မတီဥက္ကဌ ဟိန်းမင်းအောင်က ပြောကြားသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ မန္တလေးမြို့တွင် အလုပ်ရုံဆွေးနွေးပွဲများ၊ ခေါင်းစဉ်ခွဲများအလိုက် သက်ဆိုင်သောနေရာများအား လေ့လာခြင်း၊ ယဉ်ကျေးမှုဆိုင်ရာများ လေ့လာခြင်းနှင့် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ ပြီး နောက်ဆုံးပိုင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရန်ကုန်မြို့၌ အတွေ့အကြုံဖလှယ်ပွဲများ၊ မိတ်ဆုံ ညစာ စားပွဲများ၊ အနာဂတ်အတွက် ချိတ်ဆက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်ခဲ့သော စခန်းသွင်းလေ့ကျင့်မှု အစီအစဉ်တွင် မြန်မာကျောင်းသား ၁၅ ဉီးနှင့် ဂျပန် ကျောင်းသား ၁၃ ဉီးတို့ပါဝင်ကာ ကျိုတို၊ မန္တလေး၊ ရန်ကုန်မြို့များတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့ အထိ ကျင်းပခဲ့ကြောင်း သိရသည်။ မြန်မာကျောင်းသားများတွင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများမှ တက္ကသိုလ်များ အပြင် ဘားအံ၊ လားရှိုး၊ တောင်ကြီးစသော တက္ကသိုလ်များမှ ကျောင်းသားများလည်း ပါဝင်ကြောင်း သိရသည်။
မြန်မာ-ဂျပန်ကျောင်းသားများအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဟူသော ခေါင်းစဉ်ဖြင့် အဓိကထား ဆွေးနွေးခဲ့ပြီး လူမှုစွန့်ဉီးတီထွင်မှု၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် ကမ္ဘာ့အနှံ့ဖြစ်စဉ် ပတ်သက်မှုဟူသော ခေါင်းစဉ်ခွဲများဖြင့်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


