ရန်ကုန် ၆ ဒီဇင်ဘာ
ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို ၉၈ နှစ်မြောက်အထိမ်းအမှတ် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်၏ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်၏ စာအုပ်ပြပွဲတွင် စာရေးဆရာကြီးများ၏ ရှားပါးလက်ရေးမူများ၊ ရန်ကုန်တက္ကသိုလ်၏ အမှတ်တရ နှစ်လည်မဂ္ဂဇင်းများ၊ မြန်မာနိုင်ငံစာပေဆုများ (ဝေလမင်းသားမှ စာပေဗိမာန်ဆုအထိ)၊ တက္ကသိုလ် ဘာသာပြန်အသင်းနှင့် စာအုပ်ထုတ်ဝေရေးဌာနမှ ထွက်ရှိသောစာအုပ်များကို ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့အနေနဲ့ စာကြည့်တိုက်ယဉ်ကျေးမှုကို ပိုမိုကျယ်ပြန့်တိုးတက်လာဖို့နဲ့ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် ထုတ်ဝေခဲ့တဲ့ စာအုပ်စာစောင်တွေကို ဒီနေ့ခေတ်လူငယ်တွေ ပြန်လည်ထိတွေ့ ခွင့်ရစေဖို့၊ အဲဒီကနေတစ်ဆင့် လူငယ်ထုကြားမှာ သုတရသစာပေတွေ အရှိန်အဟုန်မြင့်မားလာပြီး နိုင်ငံဖွံ့ ဖြိုးတိုးတက်ဖြစ်ထွန်းစေမယ်လို့ ယုံကြည်တဲ့ အတွက် ဒီလိုစာအုပ်ပြပွဲတွေ လုပ်ဖြစ်တာပါ” ဟု ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်မှူး ဒေါက်တာလှိုင်လှိုင်ကြီးက ပြောသည်။
အဆိုပါ စာအုပ်ပြပွဲတွင် နာမည်ကျော် စာရေးဆရာကြီးများ၏ ကျော်ကြားခဲ့သော စာအုပ်များနှင့် အတ္ထုပ္ပတ္တိများကိုလည်း ခင်းကျင်းပြသမည်ဖြစ်ပြီး စာအုပ်ဆိုင်ပေါင်း ၁၀ဝ မှလည်း သုတရသစာအုပ်မျိုးစုံကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ - ထိန်လင်း