ရန်ကုန် ၂၇ ဒီဇင်ဘာ
ရန်ကုန်တက္ကသိုလ်ရာပြည့်အကြို ရန်ကုန်တက္ကသိုလ်မြန်မာစာဌာန တည်ထောင်သည့် (၇၇) နှစ်မြောက် အထိမ်းအမှတ် မြန်မာစာမိသားစု၏ (၁၈) ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို ဒီဇင်ဘာ (၂၃) ရက်မွန်းလွဲက ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာတွင် ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တက္ကသိုလ်မြန်မာစာ ဌာနပါမောက္ခဌာနမှူး ဒေါက်တာအောင်မြင့်ဦးက အမှာစကားပြောကြားပြီး အမျိုးသမီးငယ်များက ဆီမီးထွန်းညှိ၍ ပူဇော်ကန်တော့ကြသည်။ ယင်းနောက် တက်ရောက်လာကြသည့် ကန်တော့ခံဆရာကြီး ဆရာမကြီးများကို တစ်ဦးချင်းမိတ်ဆက်ပေးကြပြီး ကန်တော့ခံ ဆရာကြီးတစ်ဦးက သြဝါဒအမှာစကား ပြောကြားသည်။ ထို့နောက်မြန်မာစာဘာသာရပ်တွင် ထူးချွန်ကြသူများကို ဆုများပေးအပ်သည်။
ရန်ကုန်တက္ကသိုလ် မြန်မာစာကျောင်းသားဟောင်းများ အသင်းကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ မြန်မာစာကျောင်းသားဟောင်းများ အသင်းကကြီးမှူး၍ ၁၉၄၁ ခုနှစ် အင်္ဂလိပ်အစိုးရ အုပ်ချုပ်ခဲ့သည့်ကာလတွင် ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနကို စတင်တည်ထောင်ခဲ့သည့် ရန်ကုန်တက္ကသိုလ် (ယူနီဗာစတီကောလိပ်) ၏ ပထမဦးဆုံး မြန်မာလူမျိုးကျောင်းအုပ်ကြီးဆရာကြီး ဦးဖေမောင်တင် ရုပ်တုကို ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာစာဌာနတည်ရှိရာ တောင်ငူဆောင်ရှေ့တွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ပြီးထားရှိမည်ဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် တက္ကသိုလ်မြန်မာစာ ဆရာဆရာများ စောင့်ရှောက်မှု ငွေပဒေသာပင် ဖောင်ဒေးရှင်းကို တည်ထောင်ထားသည်။ အသင်း၏ ရန်ပုံငွေကိုမြန်မာစာဆရာဆရာမများ၊ မြန်မာစာ ကျောင်းသူကျောင်းသားဟောင်းများ၊ မြန်မာစာဘာသာရပ်နှင့် တွဲဖက်သင်ကြားခဲ့သော ကျောင်းသူကျောင်းသားဟောင်းများမှ ထည့်ဝင်လှူဒါန်းရာ ကျပ်သိန်း (၁၄၀၀)ရရှိသည်။ ထိုငွေများထဲမှ ကျပ်သိန်း ( ၅၀၀) ကိုစာရင်းသေ အပ်ငွေအဖြစ်ထားရှိပြီး ကျန်ငွေများကို စုငွေအဖြစ်ထားရှိကာ လစဉ်ရရှိသောအတိုးငွေမှ ကျန်းမာရေးကုသစရိတ် လိုအပ်သော ဆရာကြီးဆရာမကြီးများကို လစဉ်ကုသိုလ်ပြုလျက်ရှိသည်။
၂၀၁၇ အောက်တိုဘာလမှ စတင်၍ အသက် (၈၅) နှစ်အထက်ဆရာကြီး ဆရာမကြီး (၅) ဦး တို့ကိုလစဉ်ကျပ် (၅) သောင်းနှင့် လိုအပ်ချက်အရ အငြိမ်းစားဆရာကြီးဆရာမကြီး (၅) ဦးတို့ကိုကျပ် (၃) သောင်းစီ လစဉ်ကုသိုလ်ပြုလျက်ရှိသည်။
(၁၈) ကြိမ်မြောက် အာစရိယပူဇော်ပွဲသို့တက်ရောက်လာကြသည့် ဆရာကြီးဆရာမကြီး (၅၇) ဦးတို့ကိုတက္ကသိုလ်မြန်မာစာ ဆရာဆရာမများ စောင့်ရှောက်မှု ငွေပဒေသာပင်ဖောင်ဒေးရှင်း၊ မြန်မာစာဌာနနှင့် အလှူရှင်များ၏ လှူဒါန်းမှုမှာ ကျပ်သုံးဆယ်ရှစ်သိန်းခုနှစ်သောင်းဖြစ်ကြောင်းသိရှိရသည်။
အောင်သူရ