ရန်ကုန် ၁၂ နိုဝင်ဘာ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်မြောက်မည် ဖြစ်သည့်အတွက် ရန်ကုန်တက္ကသိုလ်၏ နှစ်(၁၀၀)ပြည့်အကြို အထိမ်းအမှတ် အစီအစဉ်များကို ကျင်းပလျက်ရှိသည်။ ရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး မြှင့်တင်ရန် အဓိကဦးတည်ချက်များဖြင့် တက္ကသိုလ်ဂုဏ်ဆောင် ပုဂ္ဂိုလ်များ၏ စွမ်းဆောင်မှုများ ဖော်ထုတ်ခြင်း၊ တက္ကသိုလ်၏ ထင်ရှားကျော်ကြားခဲ့သော ပုံရိပ်များကို အောက်မေ့သတိရရန်နှင့် ရန်ကုန်တက္ကသိုလ်၏ အောင်မြင်မှုများကို အတုယူရင်း ပညာရေးအဆင့်အတန်း မြှင့်တင်ရန်၊ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်သည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ရိုက်ကူးမှုများကို နိုဝင်ဘာ ၁၂ ရက်မှစတင်ကာ ရန်ကုန်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ Studio တွင် ရိုက်ကူးလျက်ရှိသည်။

ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်များမှ တစ်ဖွဲ့လျှင် ကျောင်းသား၊ ကျောင်းသူ (၃)ဦးတို့ဖြင့် စုစုပေါင်းအဖွဲ့ (၁၄) ဖွဲ့တို့မှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပွဲစဉ်များအဖြစ် Level (1)၊ Level (2) နှင့် နောက်ဆုံး Final ပွဲစဉ်များကို စီစဉ်ထားခြင်းဖြစ်ပြီး Final ပွဲစဉ်များကို ပြုလုပ်သွားမည်ဖြစ်ကာ Final ပွဲစဉ်သို့ တက်ရောက်လာသည့် အဖွဲ့လေးဖွဲ့ကို ထပ်မံယှဉ်ပြိုင်ပြီး ပထမဆုအဖြစ် ငွေကျပ်(၆)သိန်း၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်ကိုလည်းကောင်း၊ ဒုတိယဆုအဖြစ် ငွေကျပ် (၄)သိန်း (၅)သောင်း၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်ကိုလည်းကောင်း၊ တတိယဆုအဖြစ် ငွေကျပ်(၃)သိန်း၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်ကိုလည်းကောင်း၊ နှစ်သိမ့်ဆုအဖြစ် ငွေကျပ် (၁)သိန်း (၅)သောင်းကိုလည်းကောင်း ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ် ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ရိုက်ကူးမှုပွဲစဉ်များကို မကြာမီ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

MDN