ရန်ကုန် ၁၂ မတ်
ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ် ကလောင်အသင်း (၁၉၅၈-၆၂) အမှုဆောင်ဟောင်းများက စီစဉ်ထုတ်ဝေသည့် “အလွမ်းရိပ်လည်ပြန်” ကဗျာစာအုပ် မိတ်ဆက်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တက္ကသိုလ်၊ တောင်ငူဆောင်ရှိ မြန်မာစာဌာနခန်းမ၌ ကျင်းပသည်။
အဆိုပါ စာအုပ် မိတ်ဆက်ပွဲတွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာအောင်မြင့်ဦးက အမှာစကားပြောကြားပြီး ရန်ကုန်တက္ကသိုလ် ကလောင်အသင်း (၁၉၅၈-၆၂) မှတာဝန်ရှိသူများက အသင်းနှင့်ပတ်သက်သည့် သမိုင်းကြောင်းများအား ရှင်းလင်းတင်ပြခြင်းနှင့် “အလွမ်းရိပ်လည်ပြန်” ကဗျာစာအုပ် ထုတ်ဝေမှုနှင့် ပတ်သက်သည့် ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းပြောကြားခြင်းတို့ကို လည်းကောင်း၊ ဆရာကြီး ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) က မုဒိတာစကား ပြောကြားခြင်းကို လည်းကောင်း ဆောင်ရွက်ကြသည်။
ရန်ကုန်တက္ကသိုလ် ကလောင်အသင်း (၁၉၅၈-၆၂) မှ ကဗျာဆရာ သူရဇော်က “အမိတက္ကသိုလ်ကြီးကို ကျေးဇူးဆပ်တဲ့အနေနဲ့ စီစဉ်ထုတ်ဝေတာပါ။ ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲရဲ့ လှုပ်ရှားမှုတစ်ခု လည်းဖြစ်ပါတယ်။ ဒီကဗျာစာအုပ်ထဲမှာ ကဗျာအသစ် မပါပါဘူး။ ဆရာ မင်းသုဝဏ်၊ ဆရာဇော်ဂျီတို့ခေတ်ကစပြီး ယနေ့ခေတ် ကာလအထိ ရန်ကုန်တက္ကသိုလ်နဲ့ပတ်သက်တဲ့ ကဗျာတွေကို ရွေးချယ်စုဆောင်းပြီး ထုတ်ဝေထားတာဖြစ်ပါတယ်” ဟုပြောသည်။
အဆိုပါ ကဗျာစာအုပ်တွင် ကဗျာ ၁၄၆ ပုဒ်ပါဝင်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၉၀ ကျော်မှစ၍ ၂၀၁၇ ခုနှစ်အထိ ခေတ်အဆက်ဆက် ကဗျာဆရာကြီးများနှင့် ကဗျာဆရာများက ရန်ကုန်တက္ကသိုလ်၏ သမိုင်းကြောင်း ပုံရိပ်များကို ပေါ်လွင်အောင် ခံစားရေးဖွဲ့ထားသည့် ကဗျာများဖြစ်သည့်အပြင် ရန်ကုန်တက္ကသိုလ်နှင့် ပြင်ပ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်များတွင် ပုံနှိပ်ဖော်ပြထားခဲ့ပြီးဖြစ်သော ကဗျာရှင်များ၏ လက်ရာများကို စုစည်းဖော်ပြထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး


