၂၄  ဒီဇင်ဘာ

ရန်ကုန်တက္ကသိုလ်ကြီး ရာပြည့်အထိမ်း အမှတ်စတင်ကြောင်းကြေညာခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနား ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးကာ မိန့်ခွန်းပြောကြားခဲ့ သည်။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအထိ ရာပြည့်သဘင်ပွဲကြီးကို စဉ်ဆက်မပြတ် တစ်နှစ်ပတ်လုံး ကျင်းပသွားတော့မည် ဖြစ်ရာ ထူးခြားသော သမိုင်းမှတ်တိုင်ပင်ဖြစ်သည်။

ဘဝပြုစုပျိုးထောင်ရာ အမိတက္ကသိုလ်

ဒီလိုရာပြည့်သဘင် အခမ်းအနားမျိုးက ရှားသည်။ တစ်နှစ်ပတ်လုံးကျောင်းသားတို့၏ ဘဝပြုစုပျိုးထောင်ရာ အမိတက္ကသိုလ် နယ်မြေကြီးအတွင်း စာပေ၊ ဂီတ၊ သုခုမ ပုံရိပ်များစွာဖြင့် မှတ်တမ်းတင်ဂုဏ်ပြုသည့် ပွဲကြီးမျိုး မြန်မာနိုင်ငံသက်တမ်းအတွင်း ကာလကြာရှည်လုပ်ခဲ့ခြင်း မရှိခဲ့ပေ။ နှစ်(၁၀၀)သက်တမ်းအတွင်း ပညာ သင်ကြားခဲ့ကြသော ကျောင်းသား၊ ကျောင်းသူတို့၏ ခြေရာများ၊ နှလုံးသားများ၊ ဦးနှောက်များ၏ ပဲ့တင်သံတို့ ရိုက်ခတ်ရာ ရန်ကုန်တက္ကသိုလ်နယ်မြေကြီးတစ်ခုလုံး သစ်ပုပ်ပင်၊ အဓိပတိလမ်း၊ စစ်ကိုင်းလမ်း၊ ပုဂံလမ်း၊ ဂျပ်ဆင်လမ်း စသည်တို့၌ တမ်းတခြင်း၊ လွမ်းမျက်ရည်စများမှ ပျော်ရွှင်ကြည်နူးခြင်း တေးသံသာတို့ ပျံ့လွင့်လျက်ရှိနေလေပြီ။

ရန်ကုန်တက္ကသိုလ်၏ သမိုင်းအစသည် ၁၉၀၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ ရန်ကုန် ကောလိပ် (အ.ထ.က (၁) လသာနှင့် ဂျပ်ဆင် ကောလိပ်ဖွင့်ခဲ့သော အလုံကူရှင်ကျောင်း အ.ထ.က (၄) အလုံ)တို့ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် ဗြိတိသျှအစိုးရသည် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ပြဋ္ဌာန်းပြီး ရန်ကုန်တက္ကသိုလ် နယ်မြေကို ယခုလက်ရှိနေရာတွင် စတင်တည်ထောင်ရန် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့ကို ရန်ကုန်တက္ကသိုလ်ကြီးအဖြစ် ပူးပေါင်း ဖွင့်လှစ်ရန်အတွက် ဗြိတိသျှအစိုးရက ယခုတည်ရှိနေသော တက္ကသိုလ်နယ်မြေ ယခင်က နာနတ်တောကြီးနှင့် တောရိုင်းကြီးများ ဧက (၄၀၀)ကို ငွေ (၈) သိန်းကျပ်ဖြင့် ဝယ်ယူခဲ့သည်။

80991027_2638353456257525_2573317148453634048_o

တောအလွန်ထူထပ်သဖြင့် ရန်ကုန်သစ်တောအရာရှိ မစ္စတာ အေရော်ဂျာကို တောရှင်းခိုင်းပြီး မြေနေရာ ပြုပြင်စေခဲ့သည်။ ဘုရင်ခံချုပ် ဆာရယ်ဂျီနယ်ဂရက်ဒေါက်က ရန်ကုန်တက္ကသိုလ် အဓိပတိအဖြစ် တာဝန်ယူပြီး တက္ကသိုလ်နယ်မြေအဆောက်အဦများ၊ Land Scaping ဒီဇိုင်းများရေးဆွဲရန် ဒုတိယ ဘုရင်ခံချုပ် ဆာဟာကုတ် ဘတ္တလာကို တာဝန်ပေးအပ်ခဲ့သည်။ ဒုတိယဘုရင်ခံချုပ်က ဗြိတိသျှလူမျိုး ဗိသုကာပညာရှင် T.O. Forstar ကို ရွေးချယ်ပြီး အင်္ဂလန်နိုင်ငံသို့စေလွှတ်ကာ ဒီဇိုင်းရေးဆွဲစေခဲ့သည်။ T.O. Forstar က အင်္ဂလန်မှ အဆောက်အဦ ပညာရှင်များကို ခေါ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ်၊ နှစ်ကုန်မှစ၍ စတင်ဆောက်လုပ်ခဲ့သည်။ တက္ကသိုလ်ပရဝဏ်နှင့် အဆောက်အဦများ ဆောက်ရာတွင် အင်္ဂလန်နိုင်ငံရှိ အထင်ကရ တက္ကသိုလ်များဖြစ်သော Oxford နှင့် Cambridge University တို့၏ စံနှုန်းနှင့်ပုံစံ များကို အခြေခံကာ ဆောက်လုပ်ခဲ့ခြင်းဖြစ် သည်။

တကယ်တော့ ရန်ကုန်တက္ကသိုလ်သည် ဗြိတိသျှအစိုးရက ဤသို့ တက္ကသိုလ်အက်ဥပဒေ ရေးဆွဲခြင်း၊ အဆောက်အဦ ဆောက်လုပ်ပေးခြင်းမှာ မြန်မာတို့ကို ပညာတတ်စေချင်လွန်း၍ မဟုတ်ပေ။ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့သည် ကာလကတ္တားတက္ကသိုလ်၏ လက်အောက်ခံများဖြစ်ရာ ၁၈၉၆ ခုနှစ်တွင် တရုတ်လူမျိုးသူဌေးကြီး တော်စိန်ခိုက မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် သီးခြားလွတ်လပ်သော တက္ကသိုလ်တစ်ခု တည်ထောင်ရန် အစည်းအဝေးကျင်းပပြီး နှိုးဆော်ခဲ့သည်။ ဗြိတိသျှအစိုးရသည် မသိကျိုးကျွန်ပြုခဲ့ရာ ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် မြန်မာကိုယ်စားလှယ်များဖြစ်သော ဦးဘဘေ၊ ဦးမေအောင်၊ ဝတ်လုံ ဦးစု၊ မစ္စတာပုလဲ၊ ဦးဖေ၊ ဒေါက်တာစံစီဖိုး၊ ဆစ်ဒနီဦးလူနီ၊ ဦးဖိုးသာ၊ ဦးသင်း၊ ဦးဘတူ၊ ဝတ်လုံဦးစံဝင်း အစရှိသော YMBA လူကြီးများက အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန် မွန်တေဂူကို အချက်(၉)ချက်ပါဝင်သော အဆင့်မီတက္ကသိုလ် ကျောင်းတစ်ကျောင်း ဖွင့်လှစ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ထို့ကြောင့် ဗြိတိသျှအစိုးရသည် ၁၉၁၈ ခုနှစ်တွင် သီးခြားတက္ကသိုလ်တည်ဆောက်ရေးအတွက် ပညာမင်းကြီး မစ္စတာ မတ်ဟန်းတားကို ဦးဆောင်စေပြီး တက္ကသိုလ်ဖွဲ့စည်းရေး၊ ဥပဒေရေးဆွဲရေးအတွက် ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပေးခဲ့ရပါသည်။ ၁၉၁၉ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ပညာမင်းကြီးနှင့်အဖွဲ့တင်ပြသော တက္ကသိုလ်ဥပဒေမူကြမ်းနှင့် သီးခြားတက္ကသိုလ်တည်ဆောက်ရေးကို ဗြိတိသျှအစိုးရ လက်ခံကာ ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီး သီးခြားတက္ကသိုလ် ဆောက်လုပ်စေခဲ့ပါသည်။ မြန်မာကျောင်းသား မျိုးချစ်ပုဂ္ဂိုလ်တို့သည် ၁၉၂၀ ပြည့်နှစ် ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို လက်မခံဘဲ သပိတ်မှောက်တိုက်ပွဲဝင်ခဲ့ကြပါသည်။

စတင်သန္ဓေတည်

ရန်ကုန်တက္ကသိုလ်သည် ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလမှ စတင်သန္ဓေတည်ကာ ယခုတည်ရှိနေသော တက္ကသိုလ်ပရဝဏ်ကြီးကို ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် မွေးဖွား သန့်စင်ခဲ့ပါသည်။ စတင်တည်ထောင်စတွင် တစည်းတလုံးတည်း ပုံစံစနစ်ဖြင့် တည်ထောင်ရန်စီစဉ်ခဲ့ပါသည်။ သို့သော် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့ စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလတွင် သီးခြားတက္ကသိုလ်ကြီးအဖြစ် ရပ်တည်ခွင့်ရခဲ့ပါသည်။ ၁၉၂၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က ကွပ်ကဲသော မန္တလေး ဥပစာကောလိပ်၊ ၁၉၃၀ ပြည့်နှစ်တွင် ဆေးကောလိပ်နှင့် ၁၉၃၁ ခုနှစ်တွင် ဆရာဖြစ်သင် ကောလိပ်၊ ၁၉၃၈ ခုနှစ်တွင် မန္တလေး စိုက်ပျိုးရေးကောလိပ်တို့ကို ရန်ကုန်တက္ကသိုလ်၏ အပေါင်းပါကောလိပ်များအဖြစ် ဖွင့်လှစ်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ် ၏ ပထမဆုံးသော အဓိပတိမှာ ဘုရင်ခံချုပ် ဆာရယ်ဂျီနယ်ဂရက်ဒေါက် (၁၉၂၀-၁၉၂၃) အထိဖြစ်သည်။ စစ်ကြိုခေတ်တွင် ရန်ကုန်တက္ကသိုလ်ကို အစိုးရထောက်ပံ့မှုအနည်းငယ်သာ ရှိခဲ့ပြီး ၁၉၂၂ ခုနှစ်တွင် ငွေကျပ် (၅) သောင်း၊ ၁၉၃၀ ပြည့်နှစ်တွင် ငွေကျပ် (၁) သိန်း(၂) သောင်းရှိခဲ့ရာ ဒုတိယဘုရင်ခံချုပ် ဆာဟာကုတ်ဘတ္တလာက မြန်မာနိုင်ငံအနှံ့အပြားတွင် အာဝါဒေးခေါ် လောင်းကစားပွဲများ ဖွင့်လှစ်ပေးရာ တက္ကသိုလ်တည်ဆောက်ရေး ကျောင်းရန်ပုံငွေ ရှာခွင့်ပြုခဲ့သည်။

ရန်ကုန်တက္ကသိုလ် နယ်မြေအတွင်း အထင်ရှားဆုံး အဆောက်အဦဖြစ်သည့် ဘွဲ့နှင်းသဘင်ခန်းမကို ဘုရင်ခံချုပ် ဆာရယ် ဂျီနယ်ဂရက်ဒေါက်က ၁၉၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့တွင် အုတ်မြစ်ချပေးခဲ့ပြီး စတင် ဆောက်လုပ်ခဲ့ရာ ၁၉၃၁ ခုနှစ်တွင် ပြီးစီးခဲ့ပါ သည်။ ၁၉၂၃ ခုနှစ်တွင် ကျောင်းသားဦးရေ များလာသဖြင့် လောင်းကစားပွဲမှရရှိသော ရန်ပုံငွေဖြင့် တကောင်းဆောင်နှင့် ပြည်ကျောင်းဆောင်တို့ကို သစ်သားဖြင့် စတင် ဆောက်လုပ်ခဲ့ရာ ၁၉၂၄ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ ၁၉၂၅ ခုနှစ်တွင် သထုံကျောင်းဆောင်ကို စတင်ဆောက်လုပ်ရာ ၁၉၂၆ ခုနှစ်တွင် ကျောင်းသား ၁၃၆ ဦးနေနိုင်သော အဆောင် ပြီးစီးခဲ့ပါသည်။

၁၉၂၇ ခုနှစ်တွင် တက္ကသိုလ်စာကြည့်တိုက် ဆောက်လုပ်ရန် ရောင်းဗဟာဒူးအက်ရာမာနာ သာရက်ဒီယာက ငွေကျပ် (၂) သိန်းလှူဒါန်းရာ ဗိသုကာပညာရှင် ဖော်စတာက ဒီဇိုင်းရေးဆွဲပြီး ဆောက်လုပ်ခဲ့ရာ ၁၉၃၁ ခုနှစ်တွင် ပြီးစီးခဲ့သည်။ တက္ကသိုလ်ဆေးရုံ ကို ၁၉၂၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ သည်။

 

79895171_2638353366257534_7986095772531687424_

 

ဘင်တန်ဟော

ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမကို ၁၉၂၈ ခုနှစ် နိုဝင်ဘာလတွင် အုတ်မြစ်ချပေးခဲ့ပြီး ၁၉၃၀ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည်။ အလှူရှင် ဖြစ်သူ အမေရိကန်လူမျိုး ကာရိုလိုင်းအေဘင်တန်(Caroline A Benton) ကို အစွဲပြု၍ ဘင်တန်ဟောကို ၁၉၂၈ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့ရာ ၁၉၃၁ ခုနှစ်တွင် ပြီးစီးခဲ့ သည်။ ၁၉၄၈ ခုနှစ်တွင် ဘင်တန်ဟောကို သီရိဆောင်ဟု ပြောင်းလဲခေါ်ဝေါခဲ့သည်။ စစ်ကိုင်းဆောင်၊ ပင်းယဆောင်၊ ပဲခူးဆောင်၊ သထုံဆောင်၊ အင်းဝဆောင်၊ ရွှေဘိုဆောင်နှင့် ဒဂုံဆောင်တို့ကို ၁၉၂၈ ခုနှစ်တွင် ဆောက်လုပ် ပြီးစီးခဲ့သည်။ ပဲခူးဆောင်သည် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝ ကနေခဲ့သော အဆောင်ဖြစ်သည်။ ဒဂုံဆောင်သည် မူလက ဂျပ်ဆင်ကောလိပ်အတွက် ဝီဘင်တန်ဟောအမည်ဖြင့်ရှိခဲ့ပြီး ဗိုလ်အောင်ကျော်(ကျဆုံး) နေခဲ့သော အဆောင်ဖြစ်သည်။

၁၉၂၉-၁၉၃၀ ပြည့်နှစ်တွင် တက္ကသိုလ် အဆောက်အဦ တည်ဆောက်ရေးအဖွဲ့က ဆရာဖြစ်ကောလိပ်ဆောင်နှင့် ကျောင်းသား ၁၂၀ နေနိုင်သောအဆောင်တစ်လုံး၊ အဆောင်မှူးများ နေထိုင်သောအဆောင်နှင့် ကျောင်းအုပ်ကြီး နေအိမ်တို့ကို ဆောက်လုပ်ပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအသင်းတိုက် တည်ဆောက်ရန်အတွက် ဒေါက်တာဦးညိုက ငွေကျပ်တစ်သိန်းနှစ်သောင်း လှူဒါန်းရာ ၁၉၂၉ ခုနှစ်တွင် စတင်ဆောက်လုပ်ပြီး ၁၉၃၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ ကျောင်းသားသမဂ္ဂ အဆောက်အဦသည် မြန်မာပြည်လွတ်လပ် ရေးရရှိရန်အတွက် တက္ကသိုလ်ကျောင်းသားများ စုဝေးရာ၊ စည်းဝေးရာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တက္ကသိုလ် သမဂ္ဂအဆောက်အဦ ဖျက်ဆီးခံခဲ့ရပါသည်။

ရန်ကုန်တက္ကသိုလ်သည် တစ်ချိန်က မြန်မာနိုင်ငံဂုဏ်ဆောင် အားကစားသမားများစွာ ပေါ်ထွန်းခဲ့သည်။ ထိုသို့ပေါ်ထွန်း ရခြင်းမှာ တက္ကသိုလ်အားကစားကွင်း၊ တင်းနစ် ကွင်းများ၊ ရေကူးကန်၊ ဘောလုံးကွင်းများ၊ လှေလှော်ရွက်တိုက်အသင်းများကို တည်ဆောက်ပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် အားကစားရုံကြီးကို ကုန်သည်ကြီး ချန်ချောခိုင်ဆိုသူက ငွေကျပ် တစ်သိန်းလှူဒါန်းသဖြင့် ၁၉၂၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ရာ ၁၉၃၀ ပြည့်နှစ်တွင် ပြီးစီးခဲ့သည်။ ဂျပ်ဆင် ဘုရားရှိခိုးကျောင်း မျှော်စင်ကို ၁၉၃၁ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ဒုတိယဘုရင်ခံချုပ် က အုတ်မြစ်ချပေးခဲ့သည်။ အမေရိကန် သာသနာပြုအဖွဲ့နှင့် သူဌေးကြီးရော့ဖဲလား မိသားစုတို့က အကုန်အကျခံကာ တည်ဆောက်ပေးခဲ့သည်။ တက္ကသိုလ်ဓမ္မာရုံကြီးကို အလယ်တောရဆရာတော် အဂ္ဂမဟာ ပဏ္ဍိတဘွဲ့ရ ကောသလ္လာဘိဓဇက ၁၉၃၄ ခုနှစ် ဖေဖော် ဝါရီလတွင် အုတ်မြစ်ချပေးခဲ့ပြီး ၁၉၃၇ ခုနှစ် တွင် ပြီးစီးသဖြင့် နိုဝင်ဘာလတွင် အခမ်းအနားဖြင့် ဖွင့်လှစ်သည်။ တက္ကသိုလ်စာတိုက်၊ တက္ကသိုလ်စာအုပ်ဆိုင်၊ ဖုန်းလိုင်းရုံးခွဲ၊ ပါမောက္ခ နေအိမ်များ၊ အလုပ်သမား တန်းလျားများကို ဒုတိယကမ္ဘာစစ်မတိုင်မီ(၁၉၄၅ ခုနှစ်)ကပင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။

ပြောင်းရွှေ့ဖွင့်လှစ်

လွတ်လပ်ရေးရပြီးခေတ်တွင် ရန်ကုန်တက္ကသိုလ် လက်အောက်ခံအဖြစ် ဖွင့်လှစ်ခဲ့သော ကောလိပ်များမှာ ၁၉၅၃ ခုနှစ်တွင် မော်လမြိုင် ဥပစာကောလိပ်၊ ၁၉၅၄ ခုနှစ်တွင် ကျောက်ဖြူကောလိပ်၊ ၁၉၅၅ ခုနှစ်တွင် ရန်ကင်းနှင့်ထီးတန်းကောလိပ်၊ မကွေးကောလိပ်၊ ၁၉၅၈ ခုနှစ်တွင် ပုသိမ်ဥပစာကောလိပ်နှင့် ဗထူးတပ်မြို့ရှိ စစ်တက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ်လက်အောက်ခံအဖြစ် ၁၉၅၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မေမြို့၊ ပြင်ဦးလွင်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်၏ အပေါင်းပါ ဆေးကောလိပ်ကို ၁၉၃၀ ပြည့်နှစ်တွင် လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် လမ်းမတော်လမ်း ထောင့်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အင်ဂျင်နီယာ ကောလိပ်ကို BOC ကုမ္ပဏီက အကုန်အကျခံကာ ဆောက်လုပ်ခဲ့ကာ ၁၉၂၇ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဒုတိယဘုရင်ခံချုပ်က ဖွင့်လှစ်ပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကြီးသည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် စတင်သက်ဝင် လှုပ်ရှားပြီး ၁၉၂၅ ခုနှစ်တွင် တက္ကသိုလ် အဆောက်အဦများဆောက်လုပ်ရေး ကော်မတီအဖြစ် ဖွဲ့စည်းတည်ဆောက်ခဲ့ရာ အဆောက်အဦများ ၁၉၃၁ ခုနှစ်တွင် ပြီးစီးသဖြင့် ၁၉၃၂ ခုနှစ် ဩဂုတ်လတွင် ကော်မတီကို ဖျက်သိမ်းခဲ့ပါသည်။ စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ်ကို ဗြိတိသျှအစိုးရက မြေနေရာရွေးချယ်ခြင်း၊ အဆောက်အဦဖွဲ့စည်းခြင်း၊ ဗိသုကာရှင်ဖြင့် စနစ်တကျ ဆောက်လုပ်ခဲ့ခြင်းကြောင့်ကျောင်း ပရဝဏ်ကြီးသည် အလွန်စနစ်ကျ လှပခံ့ညားပြီး အရှေ့တောင် အာရှတွင် ကြီးကျယ်ထင်ရှားသော တက္ကသိုလ်ကြီးအဖြစ် ရပ်တည်ခဲ့ပါသည်။

 

80685064_2638353266257544_5778797764267737088_o

 

သစ်ပုပ်ပင်

ထူးခြားသည်မှာ မြေနေရာရွေးချယ်စဉ်က နာနတ်တောနှင့် သစ်တောကြီးများအတွင်း တောရိုင်းတိရစ္ဆာန်များ ခိုအောင်းနေထိုင်ရာတွင် သစ်ပုပ်ပင်ကြီးတစ်ပင်သည် အထီးတည်း တည်ရှိနေရာ သစ်တောအရာရှိ အေရော်ဂျာက သစ်ပုပ်ပင်၏ သက်တမ်းသည် နှစ်ပေါင်း ၁၀၀ မက ရှိနိုင်သည်ဟု တွက်ချက်ပြီး ချန်ရစ်ကာ မခုတ်ဘဲ ထားရှိခဲ့ပါသည်။ အဆိုပါသစ်ပုပ် ပင်ကြီးသည် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်နယ်မြေ စတင်တည်ဆောက်စဉ်ကပင် တက္ကသိုလ်၏ ဘဝ၊ တက္ကသိုလ်၏ အလှ၊ တက္ကသိုလ်၏ အစကို ခံ့ညားထည်ဝါစွာ စောင့်ရှောက်နေခဲ့ရာ ယခုဆိုလျှင် နှစ် ၁၀၀ သက်တမ်း ရန်ကုန်တက္ကသိုလ်ကြီးထက် အသက်ကြီးသော၊ ဩဇာကြီးသော၊ ပုံရိပ်ကြီးသော သစ်ပုပ်ပင်ကြီး၏အရိပ်တွင် ရန်ကုန် တက္ကသိုလ်သမိုင်း၏ ရင်ခုန်သံသည် ကမ္ဘာ တစ်ဝန်း ပျံ့နှံ့နေပေလိမ့်မည်။ ကျောင်းသား ကျောင်းသူဟောင်းများနှင့် ယနေ့ကာလ ကျောင်းသားလူငယ်များ၏ လှုပ်ရှားမှုပုံရိပ်များ၊ ရာပြည့်ကို ပါဝင်ဆင်နွှဲပျော်ရွှင်နေမှုများ၏ ပုံရိပ်များသည် တက္ကသိုလ်နယ်မြေအတွင်း ကျယ်လောင်စွာ မြည်ဟည်း၊ ရာပြည့်ခရီးကို လျှောက်လှမ်းနေကြသည်မှာ ကြည်နူး စရာပင် ဖြစ်ပေတော့သည်။

ရာပြည့်သဘင်ပွဲကြီးကို တစ်ချိန်က ရန်ကုန်တက္ကသိုလ် လက်အောက်ခံဖြစ်ခဲ့သော ကောလိပ်များမှ ကျောင်းသား ကျောင်းသူများ၊ ယခုတည်ရှိဆဲ တက္ကသိုလ်ကောလိပ် အသီးသီးမှ ကျောင်းသား ကျောင်းသူများသည်လည်း ရန်ကုန်တက္ကသိုလ်၏ သား၊ သမီး၊ မြေး၊ မြစ်များဖြစ်ကြလေရာ ရာပြည့်သမိုင်း ပုံရိပ်တွင် ပါဝင်ဆင်နွှဲကြခြင်းဖြင့် ရန်ကုန် တက္ကသိုလ်ကြီးကို ဂုဏ်ပြုမှတ်တမ်းတင်ကြရန် ဖိတ်ခေါ်လိုက်ရပါသည်။

မောင်မိုးယံ

 

80393046_2638350279591176_3607320856994250752_

 

79369516_2638350619591142_7826294444767838208_o