ရန်ကုန် ၆ သြဂုတ်
ရန်ကုန်တက္ကသိုလ် အနုပညာအသင်း၊ ပန်းချီသင်တန်းမှကြီးမှူးကျင်းပသည့် ရန်ကုန်တက္ကသိုလ်ရာပြည့် အကြို တတိယအကြိမ် ကံ့ကော်ရနံ့ပန်းချီပြပွဲ (၁၆ ကြိမ်မြောက် ရန်ကုန်တက္ကသိုလ်နှစ်လည်ပန်းချီပြပွဲ)ကို ဇူလိုင်လ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ရန်ကုန်တက္ကသိုလ်အပန်းဖြေရိပ်သာ(RC)၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကံ့ကော်ရနံ့ပန်းချီပြပွဲပန်းချီပြပွဲတွင် တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားကျောင်းသူများနှင့် ဆရာမ များပါဝင်ရေးဆွဲထားသော ပန်းချီကားပေါင်း ၃၀၆ ကား ပါဝင်ပြသထားကြောင်း သိရသည်။ ပန်းချီကားများကို ခဲ ၊ ရေဆေး၊ ဆီဆေး၊ Acrylic စသည်ဖြင့် အမျိုးအစားစုံဖြင့် ရေးဆွဲထားသည်။
ပန်းချီပြပွဲတာဝန်ခံတစ်ဦးဖြစ်သူ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် Industrial Chemistry ဌာနမှ နောက်ဆုံးနှစ်ကျောင်းသူ မဆုငြိမ်းချမ်းက “ဒီကံ့ကော်ရနံ့ပြပွဲက တစ်နှစ်တစ်ခါ ပုံမှန်လုပ်ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်ပန်းချီခန်းမှာရှိတဲ့ ကျောင်းသားတွေက သင်တန်းတစ်ခုပြီးသွားတာနဲ့ သူတို့လက်ရာလေးတွေ ထွက်လာတယ်။ သူတို့ဆွဲထားတဲ့ လက်ရာလေးတွေကို တခြားသူတွေကိုလည်း ပြချင်တဲ့ဆန္ဒနဲ့တစ်နှစ်ကို တစ်ခါလုပ်ပြီး ပြဖြစ်တာဖြစ်ပါတယ်။ သမီးတို့အနေနဲ့ ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့်ပွဲမှာလဲ ပန်းချီပြပွဲ လေးတွေ လုပ်ချင်တယ်။ နောက် ပန်းချီနဲ့ဆိုင်တဲ့ ပို့စကတ်လေးတွေ ရောင်းချင်တယ်။ ကဗျာစာအုပ်လေး တွေ ထုတ်တာတို့ကို ခွင့်ပြုပေးရင် လုပ်ချင်ပါတယ်” ဟု ပြောကြားသည်။
လူငယ်များဖြစ်သည့်အတွက် စိတ်ကူးစိတ်သန်းအပေါ် အခြေခံကာ ရေးဆွဲထားသော ပန်းချီကားများကို အများဆုံး တွေ့ရသည်။ ရန်ကုန်တက္ကသိုလ် အတွင်းရှိ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား ကျောင်းသူများ သာမက ပြင်ပမှစိတ်ဝင်စားသူများပါ လာရောက်လေ့လာ ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


