ရန်ကုန် ၃ ဒီဇင်ဘာ
ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ရရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံရန် နောက်ကျနေသူများ၏ ကျောင်းအပ်နှံမှုကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနမှ သိရသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်သင်ကြားနေသော ဘာသာရပ်အသီးသီး၏ ပထမနှစ်သင်တန်းများသို့ ဝင်ရောက်ခွင့်ရရှိသူဦးရေမှာ ၁၉၆၂ ဦးဖြစ်ပြီး ကျောင်းအပ်လက်ခံချိန်တွင် ကျောင်းသားကျောင်းသူပေါင်း ၁၃၈၉ ဦး လာရောက်အပ်နှံခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ရန်ကုန်တက္ကသိုလ် ဝင်ခွင့်ရရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံရန် နောက်ကျနေသူများအနေဖြင့် ရန်ကုန် တက္ကသိုလ်ကိုယ်စားပြုပညာရေးအဖွဲ့ထံ နောက်ကျရသော အကျိုးအကြောင်း ခိုင်လုံစွာတင်ပြလာသော ဝင် ခွင့်ရရှိသူများကို ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
ထို့ပြင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကျရှုံးခဲ့သော ပထမနှစ်ကျောင်းသားကျောင်းသူများ၏ ကျောင်းအပ် နှံမှုကိုလည်း လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ (ဒီဇင်ဘာလ ၃) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်တွင် သင်ကြားနေသော ဘာသာရပ်များအနက်မှာ ဘာသာရပ် ၂၅ ခု၏ ပထမနှစ်သင်တန်းများကို ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)တွင်လည်းကောင်း၊ ငါး လုပ်ငန်းဆိုင်ရာဘာသာရပ်ကို ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်နောက်ကျောရှိ မစ္ဆဗေဒဌာနတွင် လည်း ကောင်းအသီးသီး စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်၌ ဘွဲကြို(ရိုးရိုး/ဂုဏ်ထူးတန်း) သင်တန်းများ၊ ဘွဲလွန်နှင့် ပါရဂူသင်တန်းများကို ဖွင့်လှစ် ပို့ချပေးလျက်ရှိသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း