တင်ဝင်းလေး၊ ဓာတ်ပုံ - ဘော်ဂါသွေး
ရန်ကုန်မြို့ရဲ့ ယာဉ်များသွားလာမှုဟာ လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်ကတည်းက ကျပ်တည်းလာခဲ့တာပါ။ အဲဒါကို ပထမအရပ်သား အစိုးရလက်ထက်က စတင်ပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမယ့် အစိုးရသက်တမ်း ကုန်သွားသည့်တိုင် ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တာကိုလည်း တွေ့ မြင်ခဲ့ရပါတယ်။
တိပစွာထပ်ပြီးပြောရမယ်ဆိုရင် ရန်ကုန်မြို့တွင်းက ရှိတဲ့ မီးပွိုင့် ၁၅၁ ပွိုင့်ကို အလုံလမ်းမှာရှိတဲ့ ပြည်သူ့ရင်ပြင်အတွင်း နက္ခတ်တာရာ ပြခန်းအနီးမှာ စင်တာကြီး တစ်ခု တည်ဆောက်ပြီး ထိန်းကျောင်းသွားဖို့ပါ။
အဲဒီလုပ်ငန်းကို မြန်မာရွှေရင်အေး ကုမ္ပဏီ China Railway Cooperation ဖက်စပ် ကုမ္ပဏီတို့က ငွေကျပ် ၁၈ ဘီလီယံကျော် အသုံးပြုလို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ စီမံကိန်း ပြီးစီးမယ့်ကာလကို ၂၀၁၆ ခုနှစ် ဩဂုတ်လအကုန်လို့ သတ်မှတ်စာချုပ် ချုပ်ဆိုထား တယ်လှို့လည်း သိရပါတယ်။
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာလအတွင်းမှာ ပြီးစီး အောင်မြင်မှု မရှိခဲ့တာကြောင့် ဒဏ်ကြေးပေးပြီး ဆောင်ရွက်နေဆဲဖြစ်ပါတယ်။အဓိကကတော့ ရန်ကုန်မြို့တွင်း မောင်းနှင်နေတဲ့ ယာဉ်တွေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်ခြင်း ရှိ မရှိနဲ့ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး တည်ဆောက်နေတာ ဖြစ်ပါတယ်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး ဧပြီ ၃၀ ရက်က လုပ်ကိုင်ခွင့်ရ ကုမ္ပဏီက တာဝန် ရှိသူတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေး ကော်မတီ၊ YRTA က တာဝန်ရှိသူတွေ တွေ့ဆုံမှုများ ပြုလုပ်ခဲ့တယ်လို့လည်း သိရပြန်ပါတယ်။
လက်ရှိအချိန်မှာ မြန်မာရွှေရင်အေး ကုမ္ပဏီက နိုင်ငံခြားသားပညာရှင်များ ပြန်လည်ခေါ်ယူပြီး ဆောင်ရွက်နေတာကိုလည်း သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၈ ရက်နဲ့ ၉ ရက် နှစ်ရက်မှာ မီးပွိုင့်များအားလုံးကို ဗဟိုထိန်းချုပ် ရေးစင်တာကနေ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။ မနက်ပိုင်းတစ်ချိန်၊ ညနေပိုင်း တစ်ချိန်စီ စမ်းသပ်လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အားနည်းချက်တွေ တွေ့ရပြီး ပြန်လည်ပြုပြင်ဖို့ စီစဉ်ခဲ့ကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး ယာဉ်ကြောထိန်းချုပ်ရေး ဗဟိုဌာန နည်းပညာ အရည်အသွေး စစ်ဆေးမှု ကော်မတီ ဦးအောင်မြင့်က “မီးပွိုင့်နဲ့ ထိန်းချုပ်တယ်ဆိုတဲ့ နေရာမှာ အခြေခံအချက်အလက်က ယာဉ်ကြောသွားလာမှု အခြေအနေကို ကြည့်ရပါတယ်။ မီးပွိုင့်တွေမှာ တည့်တည့်သွားတဲ့ ကားအစီးရေ၊ ဘယ်ညာကွေ့တဲ့ကားက ဘယ်နှစီး စတဲ့ဟာတွေကို အချက်အလက်အဖြစ် စုဆောင်းရပါတယ်။ အဲဒီ အချက်အလက်တွေကို အခြေခံပြီး နည်းပညာအရ တည့်တည့်သွားဖို့ ဘယ်နှမိနစ်ပေး မလဲ၊ ဘယ်အကွေ့ကို ဘယ်လောက်ထားမလဲ၊ အတည့်နဲ့ ဘယ်ကိုတွဲပြီး ပေးမလား။ အဲဒါတွေကို ဒီဇိုင်းလုပ်ရပါတယ်။ အဲဒီစနစ်မှာ ကားအရေအတွက်ကောက်တဲ့ ကင်မရာကနေပြီး လေ့လာမှု ပြုရပါတယ်။ အဲဒီမှာ ဘာတွေ့ရသလဲဆိုတော့ စာရင်းကောက်တဲ့ နေရာမှာ တိကျမှုအားနည်းနေတာကို သွားတွေ့ရပါတယ်။ အဲဒါကြောင့် မီးပွိုင့် ဒီဇိုင်းမှာပါ အားနည်းမှုကို ထပ်တွေ့ရပါတယ်”ဟု ရှင်းပြမှုရှိခဲ့ပါတယ်။
အစီရင်ခံစာပြုစု
ထိုနည်းပညာအမြင်အရ မြန်မာပညာရှင်များ၏ တွေ့ရှိချက်၊ လေ့လာချက်ကို အစီရင်ခံစာအဖြစ် ပြုစုပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့လည်း သိရပါတယ်။
အနီးစပ်ဆုံးဖြစ်အောင်ကြိုးစား
ကုမ္ပဏီအနေဖြင့်လည်း မေလအကုန်လောက် မှာ စာချုပ်ပါအတိုင်း အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ သိရပြန်ပါတယ်။
ထိန်းချုပ်နိုင်ရန် စီစဉ်ထား
လက်ရှိအကျိုးတစ်ခုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YBS ကားများအားလုံးနီးပါး GPS တပ်ဆင်၍ Operation Team မှ တိုက်ရိုက်ထိန်းချုပ်နိုင်ရန် စီစဉ်ထားခြင်းဖြစ်တဲ့အတွက် လက်ရှိအခြေအနေတွင် ယာဉ်ကြောကျပ်တည်းမှု ထိန်းချုပ်မှု အားနည်းနေသေးသော်လည်း လုံခြုံရေး အချက်အလက်အချို့ကို ရယူနိုင်ခဲ့ကြောင်း YBS နှစ်နှစ်ပြည့် အခမ်းအနားတွင် ပြောကြားခဲ့သည်လည်း ရှိထားပါတယ်။
ရန်ကုန်မြို့ရဲ့ ယာဉ်ကြောကျပ်တည်းမှု
မည်သို့ပင်ဆိုစေကာမူ အဆိုးထဲက အကောင်း၊ အကောင်းထဲက အမြတ်ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုမှာ မကြာမီသော ကာလတစ်ခု၌ ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ကျပ်တည်းမှုမှာ အတိုင်းအတာတစ်ခုအထိ ပြေလျှော့သွားနိုင်မည်ဟု ယုံကြည်မိပါကြောင်း တင်ပြလိုက်ပါတယ်။
မြန်မာ့အလင်း