ရည်ညွန်းငွေလဲလှယ်နှုန်းအား ဈေးကွက်အခြေခံ၍ တွက်ချက်သတ်မှတ်သည့် ကိစ္စနှင့်စပ်လျဉ်းသည့် သတင်းမီဒီယာတွေ့ဆုံပွဲ ကျင်းပ

ရန်ကုန် ၆ ဖေဖော်ဝါရီ 

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွန်းငွေလဲလှယ်နှုန်းအား ဈေးကွက်အခြေခံ၍ တွက်ချက်သတ်မှတ်သည့် ကိစ္စနှင့်စပ်လျဉ်းသည့် သတင်းမီဒီယာတွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဈေးကွက်အခြေခံ ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်သည့်ကိစ္စကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ (၄)ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ (၅) ရက်တွင် စတင်ကျင့်သုံးခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှု အဆင့်မြှင့်တင်ရေးအတွက် နိုင်ငံတကာ ဗဟိုဘဏ်များ ကျင့်သုံးသည့် စနစ်နှင့်အညီ ဈေးကွက်ကိုအခြေခံ၍ ပျမ်းမျှအလေးပေး တွက်ချက်သော ရည်ညွှန်း ငွေလဲလှယ်နှုန်းသတ်မှတ်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။ အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်သည့် ရည်ညွှန်းငွေ လဲလှယ်နှုန်းအား တစ်နေ့တာအတွင်း ဘဏ်အချင်းချင်းနှင့် ဘဏ်နှင့် ယင်း၏ ဆက်သွယ်ဆောင်ရွက်သူများအကြား အရောင်း/ အဝယ်ဖြစ်သည့် ပမာဏအပေါ်တွင် ပျမ်းမျှအလေးပေး တွက်ချက်မှုဖြင့် တွက်ချက်သတ်မှတ်မည်ဖြစ်ကာ ရည်ညွှန်းငွေလဲလှယ်နှုန်း ထုတ်ပြန်သည့် အချိန်ကိုလည်း နေ့တစ်နေ့အတွက် အချက်အလက်အားလုံး ရရှိနိုင်သည့်အချိန် ညနေ (၄) နာရီတွင် ထုတ်ပြန်မည်ဟု ပါရှိသည်။

 

အဆိုပါထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ  ဦးဘိုဘိုငယ်က သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး “မနေ့က ထုတ်ပြန်လိုက်တဲ့အတွက် အဓိကအားဖြင့်တော့ ဈေးကွက်အနေနဲ့ ရှင်းရှင်းလင်းလင်း သိသွားတာပေါ့။ ဗဟိုဘဏ်ရဲ့ ပေါ်လစီလား၊ ဘာလားဆိုပြီး သို့လော သို့လော စဉ်းစားနေစရာ မလိုတော့ဘူး။ အဓိကက ဈေးကွက်ကို အခြေခံတဲ့ နှုန်းဖြစ်တဲ့အတွက် ဒီနေ့ဈေးကွက်ထဲမှာ ဒီနှုန်းနဲ့ အရောင်းအဝယ်ဖြစ်နေပါလားဆိုပြီး ပြည်သူလူထုက တစ်နာရီအတွင်းမှာ ရှင်းရှင်းလင်းလင်း သိရတာပေါ့။ နံနက် ၉ ကနေ မွန်းလွဲ ၃ နာရီအတွင်းမှာ အရောင်းအဝယ်ဖြစ်နေတဲ့ အခြေအနေကို ညနေ ၄ နာရီမှာ သိရအောင် ကျွန်တော်တို့ Website မှာ ကြေညာပေးမှာပါ။ အဲဒါချက်ချင်းသိရတယ်။ နောက်တစ်ခုက ကျွန်တော်တို့အနေနဲ့လည်း အရင်ကလို မနေ့ကဈေးနဲ့ ဒီနေ့ထွက်ဝယ်တာတွေ မလုပ်ရတဲ့အတွက် ဒီလိုမျိုး အခက်အခဲတွေ မဖြစ်တော့ဘူး။ အရင်ကတော့ အခက်အခဲ တော်တော်ဖြစ်ခဲ့ပါတယ်”  ဟု   ဦးဘိုဘိုငယ်က ပြောသည်။ 

 

ယခုကဲ့သို့ ရည်ညွန်းငွေလဲလှယ်နှုန်းအား ဈေးကွက်အခြေခံ၍ တွက်ချက် သတ်မှတ်လိုက်ခြင်းဖြင့် သွင်းကုန်ထုတ်ကုန်နှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် “ငွေကြေးအနေနဲ့ တည်တည်ငြိမ်ငြိမ် ပိုရှိလာမယ်လို့ ယူဆပါတယ်။ ဒီအတွက်လည်း တည်ငြိမ်မှုရှိအောင် ဝင်ထိန်းမှာပါ။ ထိန်းသင့်တဲ့အချိန်မှာ ဝင်ထိန်းမှာပါ။ အမြဲတမ်းတော့ ဝင်ထိန်းနေမှာ မဟုတ်ပါဘူး။ 

 

ရေရှည်မှာကတော့ ဒီဟာက ပိုပြီးတော့ ပွင့်လင်းမြင်သာတဲ့ စနစ်ဖြစ်တဲ့အတွက် အထူးသဖြင့် ဈေးကွက်ကို အခြေခံတဲ့ စနစ်လည်း ဖြစ်တဲ့အတွက် ဘဏ်တွေအနေနဲ့ ဒေါ်လာကို တစ်လကြိုဝယ်တယ်၊ တစ်လကို ကြိုရောင်းတယ်ဆိုတဲ့ Forward Market တွေ၊ အခု ကျွန်တော်တို့ အရောင်းအဝယ် လုပ်တာက အခုချက်ချင်းရောင်းတယ်၊ အခုဝယ်တယ်ဆိုတဲ့ on the Spot လုပ်တာပေါ့။ Forward Market နဲ့ တစ်လတို့၊ သုံးလတို့ ကြိုပြီးရောင်းရတာတွေ ဖြစ်လာမယ်၊ အဲဒီတစ်လမှာ ဒေါ်လာဈေးတက်သွားရင် ဘယ်လိုမဆုံးရှုံးအောင် ကာကွယ်မလဲ၊ ဒေါ်လာဈေးကျသွားရင် ဘယ်လိုမဆုံးရှုံး အောင်ကာကွယ်မလဲဆိုတဲ့ ဟိုဘက်ဒီဘက် အပြန်အလှန် ရောင်းဝယ်မှုတွေရှိလာမယ်။ ပိုပြီးတော့ ဈေးကွက်ပွင့်လာမယ်လို့ ယူဆပါတယ်” ဟု  ၎င်းက ဆက်လက်ပြောကြားသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေဆိုင်ရာ ရည်မှန်းချက်တစ်ခုမှာ အချိန်တိုအတွင်း ငွေလဲလှယ်နှုန်း တက်ခြင်း/ကျခြင်း ကြီးကြီးမားမား မဖြစ်စေရန်ဖြစ်သည်။ ယခုပြောင်းလဲ အသုံးပြုသည့် စနစ်မှာလည်းနိုင်ငံတကာတွင် ဆောင်ရွက်ခဲ့သည့် စနစ်အတိုင်း ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်မှုကို ထုတ်ပြန်ပေးပြီး ဈေးကွက်ကို အခြေခံသည့် ဈေးနှုန်းဖြစ်ကြောင်း သိရသည်။   

 

သတင်းစာရှင်းလင်းပွဲအပြီးတွင် မီဒီယာများ၏ သိရှိလိုသည့် မေးခွန်းများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ  ဦးဘိုဘိုငယ်က ရှင်းလင်းဖြေကြားခဲ့သည်။

 

သတင်း- ဝင်းမီမီ၊ ဓါတ်ပုံ- ရဲထွဋ်