နေပြည်တော် ၁၄ စက်တင်ဘာ
ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက်အအုံ၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ (၄၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးမှ လူ့အခွင့်အရေးဆိုင်ရာ နောက်ဆုံးအခြေအနေအား နှုတ်ဖြင့်ရှင်းလင်းတင်ပြမှု အစီအစဉ် (Oral Update)နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism-IIM)၏ မြန်မာ နိုင်ငံအပေါ် အပြန်အလှန်ဆွေးနွေးပွဲတို့ကို စက်တင်ဘာလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂပဋိညာဉ်ပါ ရည်ရွယ်ချက်များ၊ အခြေခံမူများကို လိုက်နာရန်လိုအပ်ကြောင်း ထောက်ပြခဲ့ပြီး လူတိုင်းပါဝင်မှုရှိခြင်း (Universality)၊ ဘက်လိုက်မှုမရှိခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ဓမ္မဓိဋ္ဌာန်ကျခြင်း စသည့်အခြေခံမူများကို ချိုးဖောက်ကာ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် နိုင်ငံများ၏ ပြည်တွင်း အချုပ်အခြာအာဏာကို စွက်ဖက်ခြင်းနှင့် အရေးယူခြင်းတို့ကို ရှောင်ကြဉ်သင့်ကြောင်း အသိပေးပြောကြားခဲ့သည်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့(Fact Finding Mission-FFM) သည် လူတိုင်းပါဝင်မှု၊ မျှတမှု၊ ဘက်မလိုက်မှု၊ မခွဲခြားမှု၊ ဓမ္မဓိဋ္ဌာန်ကျမှုတို့ကို သွေဖည်ကာ မမှန်ကန်သော အချက်အလက်များဖြင် IIM ကို ဖွဲ့စည်းဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံအပေါ် လွန်ကဲစွာဖိအား ပေးခြင်း၊ ခွဲခြားစောင့်ကြည့်ခြင်း၏ နောက်တစ်ဆင့်နည်းလမ်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးကျူးလွန်ခြင်းဖြစ်၍ ၎င်းအဖွဲ့များကို အစဉ်တစိုက် လက်မခံခဲ့သလို မြန်မာတစ်နိုင်ငံလုံး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။
၎င်းတို့၏အစီရင်ခံစာများသည် ချွတ်ယွင်းချက်များရှိပြီး တစ်ပါးနိုင်ငံအပေါ် ဝင်ရောက်စွက်ဖက်လိုသော ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးသွတ်သွင်းမှုများ ရှိနေသည်။ ရခိုင်ပြည်နယ် ဖြစ်စဉ်အမှန်ကို အများပြည်သူတို့ သိရှိထားပြီးဖြစ်သော်လည်း အစီရင်ခံစာတွင် လုံခြုံရေးဝန်ထမ်းများ၊ ရာပေါင်းများစွာသော ဟိန္ဒူမိသားစုဝင်များ၊ အခြားတိုင်းရင်းသား လူနည်းစုနှင့် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်နေသည့် မွတ်စလင်များ အပါအဝင်အပြစ်မဲ့ပြည်သူ မြောက်မြားစွာတို့အား ARSA အကြမ်းဖက်အဖွဲ့၏ ရက်ရက်စက်စက် ကျူးလွန်မှုများကို ထည့်သွင်းထားခြင်းမရှိသည့် တစ်ဖက်သတ် စွပ်စွဲချက်များသာ ဖြစ်သည်။
နိုင်ငံအများက ဂုဏ်ယူလေးစားအားထားရသော ကုလသမဂ္ဂအဖွဲ့ကြီးကို ပဋိညာဉ်ပါ ရည်ရွယ်ချက်များ၊ အခြေခံမူများအား သမာသမတ်ကျကျ လိုက်နာကျင့်သုံးပြီး မ္ဘာ့နိုင်ငံများ၏အကျိုးကို အပြုသဘောဆောင် ဆောင်ကြဉ်းပေးနေသော အဖွဲ့အစည်းကြီးအဖြစ် နားလည်လက်ခံထားသည်။ သို့သော် ကုလသမဂ္ဂ၏ ယခုအဖွဲ့အစည်းနှစ်ခုသည် စံနှစ်မျိုးထားရှိမှု၊ နိုင်ငံရေးအသွင်ပြုလုပ်မှု၊ ဘက်လိုက်မှုနှင့် ရွေးချယ်ဆက်ဆံမှုတို့ဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် အမြတ်ထုတ်ရန်ကြိုးပမ်းနေခြင်းဖြစ်ရာ ယင်းတို့ကို မြန်မာနိုင်ငံနှင့်ပြည်သူအားလုံးတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရမည်သာဖြစ်သည်။
မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်အရေးကိစ္စသာမက မည်သည့်အရေး ကိစ္စတွင်မဆို လူ့အခွင့်အရေးနှင့်ပတ်သက်၍ ခိုင်မာသည့်ရပ်တည်ချက်၊ အရေးယူဆောင်ရွက်ချက်နှင့် ကောင်းမွန်သော ကတိကဝတ်တို့ ရှိပြီးဖြစ်သည်ကို ထပ်လောင်းပြောကြားခဲ့သည်သာမက လက်တွေ့ကျကျလည်း အကောင်အထည်ဖော် ဆောင်ရွက်နေသည်။ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများအပါအဝင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများတွင်လည်း တာဝန်ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ ရခိုင်ပြည်နယ်အရေးကိစ္စကို ဖြေရှင်းရာတွင် မှန်ကန်မျှတမှုရှိပြီး အပြုသဘောဆောင်သည့် ပံ့ပိုးကူညီ ပူးပေါင်းဆောင်ရွက်ရန်သာ လိုအပ်ပြီး မလိုမုန်းထားမှုဖြင့် ခွဲခြားစောင့်ကြည့်စစ်ဆေးမှုနှင့် နိုင်ငံရေးအရ ဖိအားပေးမှုများကို ကန့်ကွက်ဆန့်ကျင်ပါကြောင်း။ ။
ကြေးမုံ
