ကန့်ဘလူ ဇွန် ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ၏ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၇၅၈၀ ဒသမ ၈၆၉ သန်းနှင့် တိုင်းဒေသကြီးအစိုးရ၏ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၉၄၄၃ ဒသမ ၉၁၇ သန်း စုစုပေါင်းကျပ်သန်း ၁၇၀၂၄ ဒသမ ၇၈၆ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ သိရသည်။

 

ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် ဇီးကုန်းမြို့တို့၌ ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် ကတ္တရာလမ်းများ တိုးချဲ့တည်ဆောက်ခြင်း၊ မူလလမ်းအား အကျယ်ချဲ့၍ ကတ္တရာခင်းခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ သောက်သုံးရေကန်များ ပြန်လည်ပြုပြင်ခြင်း၊ တူးဖော်ခြင်း၊ ရေပေးမြောင်းများ ပြုပြင်ခြင်း၊ ရေထိန်းအဆောက်အအုံများ တည်ဆောက်ခြင်း၊ တမံများ၌ လိုအပ်သောနေရာများတွင် ကျောက်ကြီးစီခြင်း၊ ရေကြီးနစ်မြုပ်မှုလျော့ပါးစေရေးအတွက် သဲနုန်းများတူးဖော်ခြင်း၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆောင်ရွက်ဆဲ လျှပ်စစ်ရေတင်လုပ်ငန်းစီမံကိန်းများနှင့် ဖြည့်စွက်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ တည်ဆောက်ခြင်း၊ ဝန်ထမ်းအိမ်ရာများတည်ဆောက်ခြင်းနှင့် အုတ်တံတိုင်းကာရံခြင်းအပေါ်တွင် ဘရိတ်ဒါးသံဆူးကြိုးများ တပ်ဆင်ခြင်း၊ ရုံးသုံးစက်ပစ္စည်းကိရိယာများနှင့် ပရိဘောဂများဝယ်ယူခြင်း၊ ရုံးအဆောက်အဦများ အပြီးသတ် တည်ဆောက်ခြင်း၊ ရပ်ကွက်နှင့် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း၊ ထရန်စဖော်မာများ တည်ဆောက်ခြင်း၊ သစ်သားတိုင်များအား ကွန်ကရစ်တိုင်များဖြင့် အစားထိုးလဲလှယ်ခြင်း၊ သံလက်တန်းများတပ်ဆင်ခြင်း၊ ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာလမ်းတိုးချဲ့ ကတ္တရာခင်းခြင်း၊ မြို့နယ်ချင်းဆက်၊ ကျေးရွာချင်းဆက်လမ်းများ ကတ္တရာခင်းခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်း၊ ဂျင်းခင်းခြင်းနှင့် လမ်းပခုံးများပြုလုပ်ခြင်း၊ တံတားများတည်ဆောက်ခြင်း၊ ရပ်ကွက်နှင့် ကျေးရွာတွင်းလမ်းများ ခင်းကျင်းပြုပြင်ခြင်း၊ စက်ရေတွင်းတူးဖော်ခြင်း၊ ရေပေးရေးလုပ်ငန်းများ ပြုပြင်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)